ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁ ရက်
စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံက အမျိုးသမီးတွေက ပဋိပက္ခနဲ့ ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုပေါင်း ၉၆၃ အကြိမ်အထိ ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် WLB ရဲ့ စာရင်းအရ သိရပါတယ်။
၎င်းအရေအတွက်ဟာ စစ်တပ်နဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်တို့ နှစ်ဖက်စလုံးက ကျူးလွန်ခဲ့တဲ့ အကြိမ်ရေဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်နီ(ကယား) ပြည်နယ်မှ ၃၆၅ ကြိမ်နဲ့ ပထမ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးမှ ၃၄၉ ကြိမ်နဲ့ ဒုတိယအများဆုံးနဲ့ ရှမ်းပြည်နယ်မှ ၁၀၂ ကြိမ် တတိယအများဆုံးအပြင် တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း ဖြစ်ပွားခဲ့ပါတယ်။
ကျူးလွန်တဲ့ အရေအတွက်ဟာ များတဲ့ပမာဏဖြစ်နေပေမဲ့ အပြစ်ပေးအရေးယူမှု မရှိတာကြောင့် ကျူးလွန်ခွင့်တွေ ရနေကြတာကို မြင်တွေ့ရကြောင်း WLB ရဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ဖိုးဒါးက ဆိုပါတယ်။
”နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်။ ဒါက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ ပပျောက်ဖို့ စနစ်တကျကိုင်တွယ်ဖို့ လိုတယ်” လို့ ဆိုပါတယ်။
အကြမ်းဖက်မှုကို ဘယ်အုပ်စုက ကျူးလွန်ပါစေ တရားမျှတမှုရဖို့နဲ့ အမှုမှန်ပေါ်ဖို့ WLB က ထုတ်ဖော်ရမှာဖြစ်သလို လိုအပ်တဲ့ အကူအညီတွေလည်း ပေးဖို့လိုကြောင်းနဲ့ ကင်းလွတ်ခွင့်ရတဲ့ ယဉ်ကျေးမှုကို အဆုံးသတ်နိုင်ဖို့အတွက် အဖွဲ့ဝင်တွေနဲ့အတူ ကြိုးစားသွားမယ်လို့လည်း သူမက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။