ရဲမာန်၊ ဇန်နဝါရီ ၂၉ ရက်၊ ဒီးမော့ဆို
ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်း ငံရိုးကျေးရွာက စစ်ဘေးရှောင်တစ်ဦး ဖွင့်လှစ်ထားတဲ့ ဓာတ်ဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၂၈ ရက် မနက် ၁၁ ခွဲဝန်းကျင်မှာ ဓာတ်ဆီယိုဖိတ်ရာကနေ မီးလောင်မှုဖြစ်ပွားပြီး သိန်း ၅၀၀ နီးပါး ဆုံးရှုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဓာတ်ဆီယိုပြီး လောင်တာ။ နွေရာသီဆိုတော့ နေအရမ်းပူတယ်။ အပူဓာတ်များလို့ လောင်တာ။ တစ်ဆိုင်လုံး လောင်သွားတာ။ ပြီးတော့ ဓာတ်ဆီဆိုင်ဖြစ်ဖြစ် ဒီဇယ်ဆိုင် ဖြစ်ဖြစ် ရွာအပြင်မှာပဲ ထားပေးကြပါလို့။ အခုက ရွာထဲဖွင့်ထားတာ။ တကယ်လို့ မတော်တဆ မီးလောင်မှုဖြစ်ပွားရင် လူနေအိမ်နဲ့ ကူးသွားမှာကို စိုးရိမ်ရတယ်”
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ဝင်းရတနာဓာတ်ဆီဆိုင်မှာ မီးလောင်မှုဖြစ်ပွားပြီး သိန်းထောင်ချီ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ ဒီးမော့ဆိုအနောက်ခြမ်းရှိ အညတရဆီဆိုင်မှာ ဆီပေပါပေါင်းများစွာ လောင်ကျွမ်းခဲ့တာကြောင့် ငွေကျပ်သိန်း ၂၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။