ရွှေဖီမြေ၊ ဇန်နဝါရီ ၂၉ ရက်
ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့်ဒေသအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ မူးယစ်ဆေးဝါးတွေကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ကိုးကန့်တပ်ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းတာရွှင်က ပြောကြားခဲ့ပါတယ်။
ပြီးခဲတဲ့ ဇန်နဝါရီ ၂၆ ရက်ကနေ ဒီနေ့ ဇန်နဝါရီ ၂၈ ရက်အထိ ကျင်းပခဲ့တဲ့ တရုတ်ရိုးရာ ကျဆုံးသွားတဲ့ အာဇာနည်တွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ တရားနာပွဲ ကျင်းပတဲ့ပွဲမှာ ဖုန်တာရွှင်က အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ MNDAA က မနေ့ ဇန်နဝါရီ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ လူ့အဖွဲ့အစည်းတွေကို ဖျက်ဆီးနေတဲ့ လုပ်ငန်းဖြစ်တာကြောင့် လုံးဝလက်ခံမှာ မဟုတ်ဘဲ ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
MNDAA ဟာ စစ်ကောင်စီထိန်းချုပ်စဥ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ခဲ့တဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်ခဲ့ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ အလုပ်လုပ်နေသူတွေကို ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ပါတယ်။
လက်ရှိမှာ ကိုးကန့်တပ်က လောက်ကိုင်မြို့အပါအဝင် ရှမ်းမြောက် သိန္နီ၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကုန်ကြမ်း၊ ပန်ဆိုင်း(ကြူကုတ်)၊ တာမိုးညဲစတဲ့ မြို့တွေကို ထိန်းချုပ်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။