ရဲမာန်၊ ဇန်နဝါရီ ၂၈ ရက်၊ ရွှေပြည်သာ
ရန်ကုန်တိုင်း ရွှေပြည်သာမြို့က အ.ထ.က ၁ ကျောင်းမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေ အချင်းချင်း ရန်ဖြစ်စကားများရာကနေ Grade-7 ကျောင်းသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
မနေ့ ဇန်နဝါရီ ၂၇ ရက် မနက် ၁၁ နာရီကျော်ဝန်းကျင်မှာ မုန့်ဆင်းစားချိန်မှာ ကျောင်းသားတွေက စကားများရန်ဖြစ်ရာကနေ Grade-8 ကျောင်းသားတစ်ဦးရဲ့ ထိုးကြိတ်မှုကြောင့် Grade-7 ကျောင်းသား မောင်မိုးသူရိန် အသက်ရှုကြပ်ပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရခဲ့ပါတယ်။
“တရားခံ ကလေးကတော့ မနေ့ကတည်းက စခန်းခေါ်ထားတယ်။ Video အရတော့ ရောဂါအခံရယ် ထိုးရင်း ရတဲ့ဒဏ်ရာနဲ့ စိတ်ခံစားချက်ပြင်းတာ စသဖြင့် ပရောဂ စုံသွားတာပေါ့။ တကယ့်အခြေအနေအမှန်ကတော့ ဆရာဝန်ဆေးစစ်ချက်ရမှ အတည်ပြုနိုင်မှာပါ” လို့ မြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်ကလည်း မန္တလေးတိုင်း အမရပူရမြိုနယ် မြစ်ငယ်မြို့ အ.ထ.က ကျောင်းမှာ ဓားထိုးမှုဖြစ်ပွားပြီး ကျောင်းသားနှစ်ယောက်နဲ့ ကျောင်းသူတယောက်တို့ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက် ညနေ ၃ နာရီမှာလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာမှာ အသက် ၁၄ နှစ်အရွယ်ကျောင်းသားနှစ်ဦး အချင်းချင်း စနောက်ရာကနေ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ဓားထိုးခံရတဲ့ ကျောင်းသားမှာ သေဆုံးသွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။