ရဲမာန်၊ ဇန်နဝါရီ ၃ ရက်၊ ဘီးလင်း
မွန်ပြည်နယ် ဘီးလင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၃)က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ အလူးကြီးအနောက်ခြမ်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာထဲက မြေးအဖွား ၂ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဦးပိစီးအိမ်တည့်တည့်ကို ကျတာ။ ဦးပိစီးမိန်းမရယ် သူမြေး ဆုံးသွားတယ်။ သူ့သမီးနဲ့ မြေးအကြီးတွေကတော့ ဒဏ်ရာရသွားတယ်”
အဆိုပါကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇၀ အရွယ်အဖွားနဲ့ အသက် ၃ နှစ်အရွယ်ကလေးတစ်ဦးတို့ သေဆုံးခဲ့တဲ့အပြင် နေအိမ်လည်း မီးလောင်ပြာကျပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက် မနက် ၉ နာရီဝန်းကျင်မှာ ဘီးလင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၃)က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အလူးကြီးရွာခံအမျိုးသား ၃ ဦး သေဆုံးပြီး ၂ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက်၂၀ အရွယ်အမျိုးသားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်ကလည်း ဘီးလင်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၃ က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။