ဝတ်ရည်၊ ဇန်နဝါရီ ၂၇ ရက်၊ မိုင်းတုံ
“ဝ”တပ် UWSA ထိန်းချုပ်နယ်မြေ ၁၇၁ စစ်ဒေသဖြစ်တဲ့ ရှမ်းရှေ့ မိုင်းတုံမြို့နယ် မိုင်းကျွတ်ရွာမှာ သားဖြစ်သူဟာ ဆေးကြောင်တာကြောင့် ဖခင်ဖြစ်သူကို သတ်ပြီး အလောင်းကို မီးရှို့ခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသမီး တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီလူသတ်မှုဟာ UWSA ရဲ့ ၁၇၁ စစ်ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယအပတ်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်မှာတော့ အဲဒီတရားခံကို UWSA တပ်က ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသမီးတစ်ဦးက”လက်ရှိတလော ဆိုရှယ်မှာ လူသားဖုတ်စားတယ်ဆိုပြီး သတင်းတွေပျံနှံ့နေသလိုမျိုး မဟုတ်ဘူး။ သူက လူသားလည်း တကယ်မစားခဲ့ပါဘူး။ အဲဒီကောင်လေးက “ဝ”လူမျိုးမဟုတ်ဘူးလို့ သိရပါတယ်။ သူသတ်လိုက်တဲ့ဖခင်က သူရဲ့မွေးစားဖခင်ပါ”လို့ ပြောပါတယ်။
“ဆေးကြောင်ပြီး လူကိုသတ်ကာ လူသားကို မီးဖုတ်စားတယ်”ဆိုပြီး ဒေသအတွင်း ဒေသတွင်းသတင်းတချို့မှာ ရေသားဖော်ပြနေကြသလို ‘ဝ’လူမျိုးတွေဟာ ယခင်က ခေါင်းဖြတ်သတ်တဲ့ဓလေ့ရှိသလို လူသားစားတဲ့ အလေ့အထလည်းရှိခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။
UWSA ရဲ့ လားရှိုးပြင်ပဆက်ဆံရေးရုံး တာဝန်ခံဖြစ်သူ ဦးညီရန်းကတော့ “မိမိတို့ “ဝ”ပြည်သည် ရှေးယခင်က တချို့သောနယ်၌တောင်ယာစပါးကောင်းဖို့ ယဇ်ပူဇော်ရန်အတွက် ခေါင်းဖြတ်သည့်ဓလေ့ ရှိခဲ့ပေမယ့် လူသားစားသည့် ဖြစ်စဥ်မျိုးလုံးဝမရှိခဲ့ပါကြောင်း မှတ်တမ်းများအရ လေ့လာတွေ့ရှိရသည်”ဆိုပြီး သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အခုလို ရေးသားဖော်ပြထားပါတယ်။
လက်ရှိ လူသတ်မှုမှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိထားတာဖြစ်ပြီး “ဝ”ပြည်နယ် ဥပဒေအရ ထိရောက်တဲ့ တရားစီရင်မှုနဲ့အတူ အရေးယူသွားမယ်လို့လည်း ဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။