လွေးလာဝ်ဇာရ်၊ ဇန်နဝါရီလ ၂၇ ရက်၊ မန်တုံ
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မန်တုံမြို့နယ်က အောင်ချမ်းသာရပ်ကွက်မှာ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာ အောင်ချမ်းသာရပ်ကွက်ရှိ ဒေါ်လွမ်းနမ့်တို့ရဲ့ နေအိမ်တစ်လုံးဟာ ဆိုလာပြားမီးကနေတစ်ဆင့် မီးလောင်ခဲ့တာလို့ ဆိုပါတယ်။
“ဆိုလာပြားရှော့ဖြစ်တာ။ နေအိမ်တစ်ခုလုံး မီးလောင်သွားတာ။ သူတို့ပစ္စည်းက ဘာမှမရလိုက်ဘူး။ မီးထဲအကုန်ပါသွားတာ” လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားနေစဉ်အတွင်းမှာ မီးသတ်ကား ၃ စီးနဲ့ အနီးအနားဝန်းကျင်က ဒေသခံတွေ ဝိုင်းဝန်ကူညီငြိမ်းသတ်ကြပြီးတော့ ညနေ ၄ နာရီခွဲအကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး တခြားနေအိမ်တွေကိုတော့ မီးကူးစက်တာမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် နေ့လည် ၃ နာရီဝန်းကျင်မှာလည်း တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့ပေါ်ရှိ ဇယန်းကြီးဘုန်ကြီးကျောင်းမှာ မီးလောင်မှု ဖြစ်ပွားခဲပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာလည်း ရှမ်းမြောက် မူဆယ်မြို့ ၁၀၅ မိုင် မိုင်းယုမှာ သားဖြစ်သူက မီးသွေးမီးဖိုထားရာကနေ နေအိမ်မီးလောင်မှုဖြစ်ပွါးခဲ့ပြီးတော့ ဇန်နဝါရီ ၁၇ ရက်မှာလည်း မန္တလေးတိုင်း မိုးကုတ်မြို့နယ် ပိန်းပြစ်ရွာမှာ ဖယောင်းတိုင်မီးကနေတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ပူးပြင်းတဲ့ နွေရာသီရောက်လာတော့မှာဖြစ်တာကြောင့် လူထုတွေအနေနဲ့ မီးဘေးအန္တရာယ်ကို ကြိုတင်သတိထားဖို့ လိုအပ်ကြောင်း ပြောဆိုကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။