မိုင်းရူပ၊ ဇန်နဝါရီ ၂၆ ရက်၊ မိုးကုတ်
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကောင်စီက Non CDM တွေကို ခေါ်သွင်းနေပြီး အုပ်ချုပ်ရေးလည်ပတ်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါလတတိယအပတ်ကစပြီး နောင်ချို- မိုးကုတ်လမ်းကြောင်းကနေတစ်ဆင့် မိုးကုတ်မြို့ထဲကို Non CDM တွေကို ခေါ်သွင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အုပ်ချုပ်ရေးလည်ပတ်ဖို့ လူအင်အား ၁၀၀ ကျော်လောက်ခေါ်လာတယ်။ သူတို့ အုပ်ချုပ်ရေးယန္တရားလည်ပတ်တဲ့အနေအထားမျိုးတော့ မတွေ့ရသေးဘူး။ ဒီရက်ပိုင်းက တိုက်ပွဲလည်း ငြိမ်နေတယ်” လို့ မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်ဝင်ရောက်လာတာ ၂ လနီးပါးကြာရှိနေပြီး အုပ်ချုပ်ရေးယန္တရားပုံမှန်လည်ပတ်နိုင်တဲ့ အခြေအနေမရှိသေးပါဘူး။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြို့ခံတွေကတော့ နေရပ်ပြန်လာကြတာရှိပေမယ့် တချို့ကတော့ လက်ရှိအချိန်အထိ တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်နေရတာကြောင့် ပြန်မလာကြသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က တိုက်ခိုက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး မြေပြင်မှာတော့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် တော်လှန်ရေးတပ်တွေ နယ်မြေဆုတ်ခွာပေးနေရာတာတွေ ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။