အယ်ဒီတာ့အာဘော်
စစ်ကောင်စီတပ်က ကမ္ဘာ့နိုင်ငံအများစုက အသိမှတ်ပြုထားခြင်းမရှိတဲ့ ရွေးကောက်ပွဲနဲ့အတူ ၂ဝ၂၆နှစ်အစ ဇန်နဝါရီလအတွင်းမှာပဲ ပိုင်ရှင်မပေါ်တဲ့ တန်ဖိုးပေါင်း ဘီလီယံများစွာရှိတဲ့ မူးယစ်ထုတ်လုပ်ရေးစခန်းကို ဖမ်းဆီးနေကြောင်း သတင်းတွေ ဆက်တိုက်ထုတ်ပြန်နေခဲ့သလို နိုင်ငံတကာမီဒီယာအချို့ကိုလည်း မြေပြင်ထိ ခေါ်ဆောင်သွားပြီး သူတို့ ဖမ်းဆီးရမိမှုကို ထုတ်ပြခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်တွေအရ မူးယစ်ဆေးဝါးစခန်းတွေဟာ ရှမ်းမြောက် သီပေါမြို့နယ်နဲ့မိုင်းရယ်မြို့နယ်တွေထဲမှာ ဖမ်းဆီးရမိတာဖြစ်ပြီး အဲဒေသတွေဟာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ရဲ့ ထိန်းချုပ်နယ်မြေဖြစ်သလို SSPPတပ်သားအချို့ကိုပါ တိုက်ပွဲဖြစ်ပွားပြီး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီတပ်က ဆိုထားပြီး တရားခံအတိအကျကိုတော့ အခုထိထုတ်ဖော်ပြောကြားတာ မရှိပါဘူး။
အဲလိုဖမ်းဆီးရမိနိုင်ဖို့အတွက် တရုတ်က ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ ဝန်ခံထားတာတာကြောင့် အခုဖမ်းဆီးမှုဟာ တရုတ်ဖိအားကြောင့် ဖမ်းဆီးတာလားဆိုတာ သုံးသပ်စရာဖြစ်လာပါတယ်။
BBCရဲ့ သတင်းဖော်ပြချက်မှာတော့ အဲမူးယစ်စခန်းတွေဟာ ၁ဝ၂၇စစ်ဆင်ရေးစတင်ခဲ့တဲ့ ၂၀၂၃ခုနှစ်နောက်ပိုင်း ရှိလာခဲ့တဲ့ စခန်းတွေလို့ စစ်ကောင်စီက စွတ်စွဲထားပြီး တကယ်တမ်းမှာတော့ အဲနေရာဒေသတွေမှာ ၁ဝ၂၇စစ်ဆင်ရေးအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေဖြစ်သလို အဲနေရာတွေဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုင်းရယ်နဲ့ပိုပြီး နီးစပ်တဲ့နေရာဒေသတွေသာ ဖြစ်နေပါတယ်။
၁ဝ၂၇စစ်ဆင်ရေး ဒုတိယပိုင်းအပြီးမှာတော့ တအာင်းတပ်မတော် TNLAက သီပေါမြို့ကိုသာ ထိန်းချုပ်နိုင်ခဲ့ပြီး သီပေါမြို့တံတားကနေ လားရှိုးထိလမ်းမကြီးကို ကိုးကန့်တပ် MNDAAက ထိန်းချုပ်ထားခဲ့ပါတယ်။
သီပေါနယ်နဲ့မိုင်းရယ်၊နမ့်လန်လမ်းတလျှောက်ကို ကိုးကန့်တပ်က ထိန်းချုပ်ထားပေမယ့် လက်ရှိ စစ်ကောင်စီဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးစခန်းနေရာတွေဟာ SSPP၊စိန်ကျော့ပြည်သူ့စစ်တို့က အဓိက ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်ပါတယ်။
စစ်ကောင်စီတပ်က အဲစခန်းတွေဟာ ၂ဝ၂၃ခုနှစ် ၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရေးစခန်းလို့ ဆိုထားပေမယ့် အဲဒေသတွေမှာ နေထိုင်တဲ့ဒေသခံတွေကတော့ စစ်ကောင်စီတပ်အာဏာမသိမ်းခင်ကတည်းက အဲနေရာဒေသတွေကို SSPPတပ်က ဝင်ထွက်ခွင့်ပိတ်ပင်ထားတဲ့နေရာတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် ၂ဝ၂၃ခုနှစ်မတိုင်ခင်ကတည်းက စစ်ကောင်စီတပ်က ရန်ကုန်နယ်ထဲ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးအများအပြားဟာ ကျေးသီး၊ မိုင်းရယ်မြို့နယ်တွေထဲကနေ စတင်သယ်ဆောင်လာတာဖြစ်ကြောင်း CCDAC Myanmar က မကြာခဏထုတ်ပြန်ခဲ့တဲ့ အထောက်အထားတွေလည်း ရှိနေခဲ့ပါတယ်။
အဲတုန်းက မူးယစ်ဆေးဝါးထုတ်လုပ်ရေးစခန်းနေရာတွေမှအပ မိုင်းရယ်၊နမ့်လမ်: သီပေါမြို့တွေအပြင် လမ်းမကြီးတစ်လျှောက်ကို စစ်ကောင်စီတပ်ကသာ စခန်းတွေချထားပြီး ထိန်းချုပ်ထားတဲ့ နေရာဒေသတွေဖြစ်ပါတယ်။
စစ်ကောင်စီအာဏာမသိမ်းခင်ကတည်းက ရှိလာခဲ့တဲ့ ဒီမူးယစ်ဆေးစခန်းတွေကို စစ်ကောင်စီတပ်က အခုဖမ်းဆီးတာဟာ ရွေးကောက်ပွဲနဲ့လည်း အချိန်ကိုက်ဖြစ်နေသလို ၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း ဆုံးရှုံးနယ်မြေအချို့ကို ပြန်လည်ရရှိလာနိုင်တဲ့ အချိန်နဲ့လည်း ကိုက်ညီနေပါတယ်။
ဒါကြောင့် အခုဝင်ရောက်ဖမ်းဆီးမှုဟာ ရွေးကောက်ပွဲနဲ့အတူ နိုင်ငံတကာကြားမှာ နိုင်ငံရေးအမြတ်ဖို့လား၊ ၁ဝ၂၇စစ်ဆင်ရေးဟာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေကြောင်း တရုတ်ကို လိမ်လည်ချင်နေတာလား၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖို့ စစ်ကောင်စီရည်မှန်းနေသလားဆိုတာ သုံးသပ်စရာဖြစ်လာနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။