အလင်း၊ ဇန်နဝါရီ ၂၃ ရက်၊ အောင်လံ
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာ မင်္ဂလာဆောင်မဏ္ဍပ် ဗုံးကြဲခံရလို့ လသားအရွယ် ကလေးငယ်တစ်ဦးအပါဝင် ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်မှာ နေပြည်တော် လေတပ်မှ ဂျက်ဖိုက်တစ်စီးနဲ့ ဗုံးသီး ၃ လုံးဖြင့် တပ်ကုန်းရွာ မင်္ဂလာဆောင်မဏ္ဍပ်ကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“တိုက်ပွဲမရှိဘဲ ရွာမင်္ဂလာဆောင် မဏ္ဍပ်ကို ဗုံးကြဲသွားတာ။ လေယာဥ်တစ်စီးနဲ့ ဗုံးသီး သုံးလုံး ကြဲချသွားတာ။ မင်္ဂလာဆောင်ပွဲ လာတဲ့သူတွေ ဗုံးထိမှန် ထိခိုက်သေဆုံးကုန်တယ်။”လို့ အောင်လံမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသူ ၅ဦး ထဲမှာ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး၊ အသက် ၃၀ လူလတ်ပိုင်း အမျိုးသားတစ်ဦး၊ လသားအရွယ် ကလေးငယ် တစ်ဦးတို့ပါဝင်ပြီး ကျန်နှစ်ဦးကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဒဏ်ရာရတဲ့ထဲမှာ အသက်ကြီးပိုင်း အမျိုးသမီး တစ်ဦးနဲ့ လူငယ်တစ်ဦးတို့မှာ အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။
“သေဆုံးတဲ့နှစ်ယောက်က နာမည်အချက်လက် အတည်မပြုနိုင်သေးတာပါ။ ဒဏ်ရာရတဲ့ထဲမှာ စိုးရိမ်ရတဲ့ လူနာတွေ ပါတယ်။ သူတို့ကို ဆေးကုသမှုပေးနေပါတယ်။ အသေးစိတ် ပြောမရသေးဘူး။ ရွာသားတွေကလည်း ထွက်ပြေးနေပါတယ်။” လို့ အောင်လံမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဗုံးကြဲခံရတဲ့ နေအိမ်နှစ်လုံးမှာ မီးလောင်ပြာကျသွားပြီး နေအိမ်အများပြားလည်း ပျက်စီးကာ ရွာသားတွေဟာ နောက်ထပ် လေကြောင်းတိုက်ခိုက်မူ ပြုလုပ်မှာကို စိုးရိမ်တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၇၇၀၅ ဦး ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။