အလင်း၊ ဇန်နဝါရီလ ၂၂ ရက်၊ တမူး
စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ၎င်းတို့ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ တစ်အိမ်တစ်ဦးနဲ့ စာရင်းကောက်ခံမှုတွေ ရှိနေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး တမူးမြို့နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းရှိ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူကာ အစည်းအဝေးပြုလုပ်ပြီးနောက် အခုလို စစ်မှုထမ်းဖို့ စာရင်းတွေ ကောက်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့တွေက အုပ်ချုပ်ရေးမှူဆီ ညွှန်ကြားထားတာ လို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ရွာသားတွေ အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းဖို့ ပြောလာတာပါ။ အခုရက်ပိုင်း စာရင်းတွေ ကောက်ယူနေပြီဖြစ်ပါတယ်။” လို့ တမူးမြို့နယ်မြောက်ပိုင်းမှ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မိမိကျေးရွာ လုံခြုံရေးအတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားတွေကို ခေါ်ယူနေတာဖြစ်တယ်လို့ တမူးမြို့နယ်တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။
“စစ်မှုထမ်းဖို့ ခေါ်တယ်ဆိုတာထက် မိမိကျေးရွာ လုံခြုံရေး၊ ကာကွယ်ရေးအတွက် ခေါ်တာဖြစ်ပါတယ်။ မဖြစ်မနေ၊ အတင်းအဓမ္မခေါ်ယူတာတော့ မရှိပါဘူး။” လို့ တမူးမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေ သို့ ပြောပါတယ်။
အခုလို ပြည်သူတွေ စစ်မှုထမ်းဖို့ ကျေးရွာတွေမှာ တအိမ်တက်ဆင်း စာရင်းကောက်ခံမှုတွေ ရှိလာတာကြောင့် လူငယ်တွေနဲ့ မိဘတွေဟာ စိုးရိမ်နေကြသလို လူငယ်တွေကလည်း ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
တမူးမြို့နယ်ရှိ မြို့သစ် ခမ်းပါတ် စတဲ့ မြို့တွေနဲ့ တမူးမြို့နယ်တောင်ပိုင်း၊ မြောက်ပိုင်းဒေသတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး တမူးမြို့ပေါ်နဲ့ အနီးအနားရွာတချို့ကို စစ်ကောင်စီတပ်နဲ့ ၎င်းလက်အောက်ခံ တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။