မြတ်နိုး၊ ဇန်နဝါရီ ၂၁ ရက်၊ ချီဖွေ
ကချင်ပြည်နယ် ချီဖွေမြို့အဝင် ကားလမ်းမှာ မနေ့ ဇန်နဝါရီ ၂၀ ရက် မနက် ၆ နာရီ ဝန်းကျင်ခန့်က ကားတစ်စီး မြစ်ကမ်းပါးဖက် ပြုတ်ကျသွားတာကြောင့် ကျောင်းသားတစ်ဦး ဒဏ်ရာရပြီး ကျောင်းသားတစ်ဦးနဲ့ ဆရာတစ်ဦးလည်း သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လမ်းပေါ်ကနေ အောက်ဘက် ချောက်ထဲ ကျသွားတာ။ တစ်ယောက်ကတော့ အသက်ရှိသေးတယ်။ နှစ်ယောက်ကတော့ မရတော့ဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၂၀ ရက် မနက် ၆ နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာသူနဲ့ သေဆုံးသူတွေကိုတော့ စက်လှေနဲ့ ဆေးရုံကို သွားရောက်ပို့ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။
“သေဆုံးသွားတာက ကားမောင်းလာတဲ့ ဆရာရယ် ၁၀ တန်း ကျောင်းသား တစ်ယောက်ရယ်။ နောက်ထပ် ၁၀ တန်းကျောင်းသား တစ်ယောက်က ထိခိုက် ဒဏ်ရာရထားတယ်” လို့ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
သေဆုံးသွားသူတွေဟာ နမ်ဝါရွာမှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် ဆရာဂျွမ်ဖောက်ဒေါင်ဝ်ခေါင့်နဲ့ မျောမောရွာက အသက် ၁၅ နှစ်အရွယ် ကျောင်းသား လဂျန်ဒေါင်ဝ်ခေါင့် တို့ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိထားသူကတော့ မျောမောရွာက အသက် ၁၇ နှစ်အရွယ် မြစ်နောခေါင်ဒေါင်ဝ်ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ကျောင်းသားဟာ အသက်ရှူကြပ်တာ ခံစားနေရပြီး ချီဖွေပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာလည်း ချီဖွေမြို့နယ် ဖရဲရွာအနီး မြေရှားသတ္တုလုပ်ကွက် တခုမြေပြိုမှုဖြစ်ပွားခဲ့ပြီး ဈေးသည်မိန်းကလေးတစ်ဦး မျောပါ ပျောက်ဆုံးသွားခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။