လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၂၀ ရက်၊ မောက်မယ်
ရှမ်းတောင် မောက်မယ်မြို့နယ် ခြိင်နန်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့တွေက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမအပတ်ကတည်းက စစ်ကောင်စီတပ်နဲ့ PNO အဖွဲ့တွေဟာ ခြိင်နန်ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ က ပြောပါတယ်။
“ဒေသခံတွေရဲ့ ပြောပြချက်အရ စကစနဲ့ PNO သူတို့ရွာထဲကို ဝင်လာတာ။ ကြောက်လန့်ပြီးမှ ထွက်ပြေးကြတယ်။ ပြေးတဲ့ရွာခံတွေ အကုန်လုံးရွာထဲ ပြန်လာနေဆိုပြီး ပြောတာ။ ရွာခံတွေလည်း ကြောက်ကြောက်ပြီး ပြန်လာကြတာ။ သူတို့ကိုတောင် ထမင်းဟင်း ချက်ကျွေးခိုင်းတာ။ အဲနေ့မှာဘဲ ရွာကနေ ထွက်လာပြီးတော့ ရွာထဲကို ဒရုန်းဗုံးတွေ ကြဲချနေတာ။ ရွာသားတွေလည်း ထပ်မံ ထွက်ပြေးရတယ်။ လူထိခိုက်မှုလည်း ရှိတယ်။ သူတို့လည်း ပြေးနေရတော့ မသိရဘူး” လို့ ပြောပါတယ်။
ခြိင်နန်ရွာကို ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ပြီးနောက်မှာ စစ်ကောင်စီတပ်နဲ့ PNO အဖွဲ့ တွေက ရွာထဲပြန်လည်ဝင်ရောက်လာကာ ရွာထဲရှိ နေအိမ်အားလုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
“ဗုံးကြဲပြီးနောက် မီးမလောင်တဲ့ နေအိမ်တွေကို ပြန်ဝင်လာပြီး မီးထပ်ရှို့တာ။ ပြည်သူတွေကို ပြန်လာနေခိုင်းတယ်။ ရွာထဲအကုန်ပြန်ရောက်မှ အခုလို ဗုံးကြဲတာဟာ ပြည်သူလူထုကို တမင်သက်သက် နှိပ်စက်သတ်ဖြတ်နေတယ်ဆိုတာ ပေါ်လွင်နေတယ်။ ဒေသခံတွေကတော့ တောထဲပြေးတဲ့ သူတွေကပြေး။ ကျနော်တို့ဆီ ပြေးလာတဲ့ သူတွေက ပြေးလာကြတဲ့သူတွေလည်းရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ PNO အဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ခြိင်နန်ရွာဟာ လူဦးရေ ၆၀ နီးပါးသာနေထိုင်ပြီး အိမ်ခြေ ၂၀ နီးပါးလောက်ရှိတဲ့ ကျေးရွာငယ်တစ်ရွာဘဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။