မိုင်းရူပ၊ ဇန်နဝါရီ ၂၀ ရက်၊ မိုးကုတ်
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုစေ့စပ်မှုနဲ့ ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က စစ်အင်အားတွေ ဆက်တိုက်ပို့ဆောင်နေပြီး နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြင်ဦးလွင်- နောင်ချို- မိုးကုတ်လမ်းပိုင်းကနေတစ်ဆင့် စစ်အင်အားတွေ ပို့ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်မှာ မိုးကုတ်မြို့ထဲကို စစ်ကား ၁၅ စီး အသုံးပြုပြီး စစ်အင်အား ဖြည့်တင်းထားတယ်လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီရက်ပိုင်းမှာတော့ မိုးကုတ်မြို့ပြင်ရှိ ကျေးရွာတွေကို ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“လယ်ကြီး ၁၅ စီး တက်လာတယ်။ တစ်ဝက်ကတော့ ရိက္ခာတွေ လာပို့တာ။ ထုံးဘို၊ ကြက်နှစ်ဖ၊ ကျောက်ပုံဘက်ကို နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ လက်နက်ကြီးနဲ့လည်း ထုနေတယ်” လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့ထဲမှာ ၂လ နီးပါးကြာတဲ့အထိ စစ်ကောင်စီတပ်က အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်သေးဘဲ နယ်မြေတည်ငြိမ်ဖို့ကိုသာ ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
မိုးကုတ်မြို့တွင်းမှာတော့ မြို့ခံတွေနေရပ်ပြန်လာကြတာရှိပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား အပြန်အလှန်တိုက်ခိုက်တာတွေ ဆက်ရှိနေပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကလည်း မိုးကုတ်နဲ့ မိုးမိတ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမယ်လို့ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလက်က ပြောကြားထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။