မိုင်ဖိူမ်းဆငဲ၊ ဇန်နဝါရီ ၂၀ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့တဲ့ ယာဥ်တွေကို ဖမ်းဆီးမှုတွေ ပြုလုပ်လာနေပြီး ကားတွေကို သိမ်းဆည်းကာ လူကို ငွေသိန်းရာချီနဲ့ ပြန်ရွေးရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတည်းက ယာဥ်လိုင်စင်တွေကို စစ်ဆေးဖမ်းဆီးတာတွေ ရှိပေမဲ့ ဒီနှစ် ၂၀၂၆ ဇန်နဝါရီလကစပြီး ဖမ်းဆီးမှုတွေ ပြန်လုပ်လာနေတယ်လို့ ဆိုပါတယ်။
“စိတ်ပေါက်ရင် ပေါက်သလိုထဖမ်းတာ။ အဓိကဖမ်းတာတော့ ကားတွေ။ တခါတလေ ဆိုင်ကယ်တွေ ဖမ်းတယ်လို့ကြားပေမဲ့ တိတိကျကျမသိရဘူး။ ဆိုင်ကယ် အသွားအလာဖမ်းတာတော့ မတွေ့ရဘူး။ ဆိုင်ကယ်အရောင်းဆိုင်တွေမှာ ဝင်စစ်တာတွေတော့ ရှိတယ်”
ယာဥ်လိုင်စင်တွေ စစ်ဆေးဖမ်းဆီးရာမှာ ကားတွေကို အဓိက စစ်ဆေးတာဖြစ်ပြီး ယာဥ်လိုင်စင်မပါတဲ့ ကားတွေကို သိမ်းစည်းကာ လူကိုထောင်ဒဏ် ၃ လကနေ ၆ လအထိ ချမှတ်နေတယ်လို့ ဖြစ်စဥ်တွေကို သိရှိတဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
“အမြဲတမ်းဖမ်းနေတာမျိုးတော့ မဟုတ်ဘူး။ အချိန်နဲ့ ဖမ်းတာ။ သူတို့မဖမ်းခင် နီးစပ်ရာတွေကို အသိပေးပြီးမှ ဖမ်းတာ။ without တွေဖမ်းမယ်ဆိုပြီး။ အတင်းလိုက်ဖမ်းတာမျိုးတော့ မဟုတ်ပါဘူး။ ဖမ်းပြီဆိုရင် ကားပြန်ရွေးလို့ မရဘူး။ လူကို ထောင်ဒဏ်မကျစေချင်ရင် သိန်း ၁၀၀ အထက် ပေးကြရတာပေါ့” လို့ ဆိုပါတယ်။
တန့်ယန်းမှာ ယာဥ်လိုင်စင်မရှိတဲ့ကားတွေကို နေ့လည် ၁ နာရီကနေ ၄ နာရီကြားမှာ အများဆုံး ဖမ်းဆီးတာဖြစ်ပြီး ဒီလအတွင်းထဲက ပြီးခဲ့တဲ့ ရက်အတောအတွင်းမှာ ဖမ်းဆီးမှု တစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ရှမ်းပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလကစပြီး လိုင်စင်မဲ့ကားတွေကို စတင်ဖမ်းဆီးလာတာဖြစ်ပြီး ဖမ်းပြန်ရွေးခိုင်းတာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။