ယာရူစိင်၊ ဇန်နဝါရီ ၁၉ ရက်၊ သီပေါ
စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တအာင်းတပ်-TNLA ထိန်းချုပ်စဉ်ကာလက အုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့ အမျိုးသား ၄ ဦး ထောင်ဒဏ် ၇ နှစ်နဲ့ တစ်သက်တစ်ကျွန်းချမှတ်ခံရတယ်လို့ ထောင်ဒဏ်ချမှတ်ခံရတဲ့သူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သီပေါမြို့ ပန်းတိမ်တောင် ဥက္ကဌ ကိုတူးလီထောင်ဒဏ် ၇ နှစ်၊ တောင်မြို့ဥက္ကဌ ကိုအမ်းကူး ထောင်ဒဏ် ၇ နှစ်၊ ဆိုင်ကယ်ပွဲစား ရွှေကမ္ဘာ ကိုပါးပါလေး ထောင်ဒဏ် ၇ နှစ်နဲ့ တောင်မြို့က ကိုထွေးငယ် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရတာပဲ ဖြစ်ပါတယ်။
“ကိုထွေးငယ်က ပလောင်ထောက်ပို့မလို့ တစ်သက်တစ်ကျွန်းချမှတ်ခံရတယ်လို့ သိထားတာပါ။ ကိုပါးပါးလေးက ဆိုင်ကယ်ပွဲစားပါ။ ဌာနဆိုင်ရာပစ္စည်းကို ဝယ်ပြီး ပြန်ရောင်းစားတာမလို့ ဆိုပြီး စွတ်စွဲထားတယ်။ သိထားသလောက်တော့ အဲဒီ ၄ ယောက်ပဲ သိထားတာပါ”
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက် သီပေါမြို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ပြီးတဲ့ နောက် ၁၀ ရက်အကြာမှာပဲ ဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။
“အရင်က ဖမ်းဆီးခံရတဲ့ သူတွေထဲမှာကျ လူလတ်ပိုင်းတွေတော့ ပြန်မလွှတ်သေးဘူး။ တချို့ကျတော့လည်း ဖမ်းဆီးခံရပြီး တစ်ပတ်အကြာလောက်မှာ ပြန်လွှတ်လာကြတယ်” လို့ နောက်ထပ် သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ သီပေါမြို့မှာ ချိတ်ပိတ်ခံရတဲ့ နေအိမ် ဆယ်နဲ့ချီ ရှိနေပြီး ဖမ်းဆီးရခံသူ ၄၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။
“ထောင်ဒဏ်ချမှတ်ခံရတဲ့ သူတွေ ဘယ်ထောင်မှာ ချခံရလဲဆိုတာတော့ မသိရပါဘူး။ လောလောဆယ် သေချာတာက ထောင်ဒဏ်ဘယ်လောက်ချမှတ်ခံရလဲဆိုတာပါပဲ” လို့ နောက်ထပ် ဒီဖြစ်စဉ်ကို သိရှိထားသူ ပြောပါတယ်။
အလားတူ စစ်တပ် ပြန်ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ နောင်ချိုမြို့မှာလည်း စစ်ကောင်စီတပ်က နေအိမ်တွေကို ချိတ်ပိတ်ပြီး မြို့ခံတချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
တအာင်းတပ် ထိန်းချုပ်ခဲ့တဲ့ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်နဲ့ အောက်တိုဘာလထဲ စစ်တပ်က ပြန်လည်သိမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။