မိုင်းဖိူမ်းဆငဲ၊ ဇန်နဝါရီ ၁၉ ရက်၊ မန်တုံ
တအာင်းတပ် ထိန်းချုပ်ထားတဲ့ မန်တုံမြို့နယ် နမ့်ဟိုင်း(မိုင်းဘော်) ကျေးရွာမှာ တအာင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့အချိန် သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားတဲ့သူအတွက် နစ်နာကြေး သိန်း ၂၀ နဲ့ ဆန်တစ်အိတ်ထောက်ပံ့ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဆီကနေ သိရပါတယ်။
သူက “လောလောဆယ်တော့ ပိုက်ဆံကျတော့ သူတို့ဆီ သိန်း ၂၀ တော့ပေးထားတယ်။ ပြီးတော့ ဆန်တစ်အိပ်။ အဲလောက်ပဲ ပေးသေးတယ်” လို့ ဆိုပါတယ်။
အဲဒီဖြစ်စဥ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်း ၇ နာရီဝန်းကျင်မှာ ကိုအားစုန်နဲ့ သူ့အစ်ကိုဖြစ်သူနှစ်ဦးတို့ကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ လာရောက်ဖမ်းဆီးချိန်မှာ ကိုအားစုန်က တအာင်းရဲတပ်သားတွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ရဲဖက်က သေနတ်နဲ့ ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။
“အဲညက ရဲတပ်သားတွေက သွားစစ်တယ်။ ဆီးစစ်တဲ့အချိန်မှာ ညီအစ်ကိုနှစ်ယောက်လုံးအောင်တယ်။ ခေါ်သွားတဲ့အချိန် သူ့အစ်ကိုက ထွက်ပြေးသွားတယ်။ အဲဒါရဲတပ်သားတွေက သေနတ်မိုးပေါ်ထောင်ပြီး ၂ ချက်ပစ်ပြီး ခြိမ်းခြောက်တယ်။ သူ့အစ်ကိုကတော့ လွှတ်သွားတယ်။ သူ့ညီ (ကိုအားစုန်) ကိုပဲ ခေါ်သွားမလို့။ အဲဒါ သူညီ (ကိုအားစုန်) က အဲရဲကိုဝင်ထိုး၊ ဝင်ကြိတ်တော့ သေနတ်က လော့ခ်မပိတ်မိဘူး။ သေနတ်နဲ့ သူ့ရင်ဘတ် တည့်တည့်နဲ့တိုးတဲ့အချိန်မှာ သေနတ်ပေါက်သွားတယ်” လို့ ဆိုထားပါတယ်။
ဥပဒေတတ်ကျွမ်းသူ တအာင်းအမျိုးသမီးတစ်ဦးကတော့ ရဲတွေဟာ ရာဇဝတ်သားတွေက ရန်မူတဲ့အချိန်မှာ ကိုယ့်ကို ခုခံခွင့်ရှိပေမဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ ရာဇဝတ်သားတွေမဟုတ်တာကြောင့် တရားမျှတမှု ရရှိစေဖို့ ပစ်ခတ်လိုက်တဲ့ ရဲတပ်ဖွဲ့တွေကို အရေးယူဖို့ လိုအပ်တယ်လို့ ရွှေဖီမြေကို ပြောပါတယ်။
“မပစ်သတ်သင့်ဘူးလေ လူ့အခွင့်အရေးရှုထောင့်အရ။ ဘိန်းစားတွေက ရာဇဝတ်သားတွေမဟုတ်ဘူး။ နာတာရှည် ရောဂါခံစားနေရတဲ့ လူနာတွေသာ ဖြစ်တယ်။ မူးယစ်ဆေးဝါးဥပဒေအရတောင် သူတို့လက်ထဲ မူးယစ်မမိရင် သူတို့ကို ဖမ်းလို့မရဘူး။ မူးယစ်ဆေးဝါး သုံးစွဲသူကို ဥပဒေမဲ့ ပစ်သတ်တဲ့ ရဲဘော်ကိုတော့ အရေးယူသင့်တယ်။”
PSLF/TNLA ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မူဝါဒပြဌာန်းချက်အရ မူးယစ်ဆေးဝါး သုံးစွဲသူတွေရဲ့ ပြစ်ဒဏ်ဟာ ဆေးကုသစင်တာမှာ ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ရမယ်လို့သာ ပြဌာန်းထားပါတယ်။
အဲဒီရဲတပ်ဖွဲ့ဝင်တွေကို အပြစ်ပေးအရေးယူခြင်းရှိမရှိ PSLF/TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကတည်းက ဆက်သွယ်မေးမြန်းထားပေမဲ့ လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။