အလင်း ၊ ဇန်နဝါရီ ၁၈ ရက်၊ ကျောက်ဖြူ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းအပါအဝင် လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အမျိုးသမီးနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီစစ်ဘေးရှောင် အမျိုးသမီးနှစ်ဦးဟာ ကျောက်ဖြူမြို့နယ်၊ ပျားတဲရွာမှ ဒေါ်မစံရွှေနဲ့ မင်းတက်တောင်ရွာမှ ဒေါ်ခင်စန်းဦးဖြစ်ပြီး ၎င်းတို့နှစ်ဦးဟာ တိုက်ပွဲကြောင့် ကျောက်ကလေရွာမှာ စစ်ဘေးရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၁၇ ရက်၊ ညသန်းခေါင်ယံ ၁၂ ကျော်မှာ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေရွာကို စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီးကျည်နဲ့ တိုက်ခိုက် ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။
“ရွာထဲကို လေယာဥ်နဲ့ ဗုံးသီးနှစ်လုံး ကြဲတယ်။ အသေခံဒရုန်းနဲ့လည်း လေးကြိမ်၊ ငါးကြိမ်လောက် ရှိမယ်။ စစ်သင်္ဘောကလည်း လက်နက်ကြီးကျည် ၁၀ လုံးလောက် ရှိမယ်။ တဆက်တည်း တောက်လျှောက်ကို ရွာဘက်မှာ တိုက်ခိုက်ပစ်ခတ်တာပါ” လို့ ကျောက်ဖြူမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုအပြင် အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ နွား ၁၀ ကောင်ထက်မနည်းလည်း သေဆုံးသွားပါတယ်။
လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ကျောက်ကလေရွာဟာ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အလှမ်းမဝေးပေမဲ့ ရွာမှာတိုက်ပွဲမရှိဘဲ စစ်ကောင်စီက အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“အခု ကျောက်ဖြူမှာ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ရွာက ၉ မိုင်၊ ၁၀ မိုင်လောက် ဝေးတယ်။ ဒါပေမဲ့ ရွာမှာ တိုက်ပွဲမရှိဘူး။ စစ်ဘေးရှောင်တွေ အရပ်သားတွေပဲ ရှိတယ်။ အဲဒါကို ရွာထဲမှာ လေကြောင်း၊ လက်နက်ကြီးကျည်တွေ ပစ်ခတ်သွားတာပါ။” လို့ ကျောက်ဖြူမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်ကလည်း စစ်ကောင်စီက လက်နက်ကြီးကျည် ပစ်ခတ်လို့ ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းကျေးရွာမှာ စစ်ဘေးရှောင်တဲ့ အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။