အလင်း၊ ဇန်နဝါရီ ၁၆ ရက်၊ ကျောက်ဖြူ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (ULA/AA) နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်က စစ်ဘေးရှောင် နှစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ စစ်ဘေးရှောင်နှစ်ဦးဟာ သဖန်းချောင်းရွာကဖြစ်ပြီး တိုက်ပွဲကြောင့် လယ်တောထဲမှာ စစ်ဘေးရှောင်ရင်း ဇန်နဝါရီ ၁၄ ရက်မှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောပေါ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။
“ကျောက်ဖြူ ရေတပ်က သဖန်းချောင်းရွာ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ပါ။ လက်နက်ကြီးကျည်နှစ်လုံးက ရွာအနီးအနားဝန်းကျင်မှာ ကျတယ်။တစ်လုံးက လယ်ကွင်းဘက် ကျတယ်။ လယ်ထဲမှာ နေတဲ့ လင်မယားနှစ်ယောက်က ကျည်ထိပြီး ဆုံးသွားတယ်။” လို့ ကျောက်ဖြူဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသူမှာ အသက် (၃၄) နှစ်အရွယ် ဦးကျော်ထွန်းဝင်းနဲ့ အသက် (၃၂) နှစ်အရွယ် ဒေါ်ခင်လင်းဦးတို့ ဖြစ်ပြီး အလောင်းကို ဇန်နဝါရီ ၁၄ ရက်နေ့မှာပဲ သဂြိုလ်လိုက်ပြီလို့ သိရပါတယ်။
လက်ရှိ ကျောက်ဖြူမြို့နယ်က AA ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို စစ်ကောင်စီက မကြာခဏ လက်နက်ကြီးကျည် ပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သဖန်းချောင်းရွာသားတွေက ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
“အဓိကအားဖြင့် စစ်သားတွေ မရောက်တဲ့၊ မရှိတဲ့ ရွာတွေဘက်ကို ပင်လင်ပြင်မှာ ဆိုက်ထားတဲ့ စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးကျည်တွေ ရမ်းသမ်း ပစ်ခတ်တယ်။ လေကြောင်းကနေလည်း အဲလိုရွာတွေကို မကြာခဏ ပစ်ခတ်လေ့ရှိတယ်။ ရွာသားအများစုတွေက ရွာထဲမနေရဲတော့ဘူး။ လယ်ထဲမှာ၊ တောတောင်ထဲမှာ တိမ်းရှောင်နေရတယ်။” လို့ ကျောက်ဖြူဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာအခြေခံ စားနပ်ရိက္ခာတွေအပါအဝင် ဆေးဝါး၊ သောက်ရေ စတဲ့ အရေးပေါ်အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ အာရက္ခတပ်တော် (ULA/AA) ဟာ ကျောက်ဖြူမြို့ အပါအဝင် မြို့တော်စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်နဲ့ နေ့စဥ် ထိတွေ့တိုက်ပွဲပြင်းထန်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။