အယ်ဒီတာ့အာဘော်

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ရက်နေ့ဟာ တအာင်းတို့ တမျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ဖို့ တော်လှန်ရေးတိုက်ပွဲ ဆင်နွဲလာတာ ၆၃ နှစ်ပြည့်တဲ့ နေ့ရက်ဖြစ်ပြီး အဲနေ့ကို အကြောင်းပြုပြီး PSLF/TNLA က စစ်ရေးပြ အခမ်းအနားအပါအဝင် ပျော်ပွဲရွှင်ပွဲ အကြီးအကျယ် ပြုလုပ်ခဲ့ပါတယ်။

ပွဲမှာ စစ်အင်အား အနည်းဆုံး ၁၅ဝဝ အသုံးပြုပြီး စစ်ရေးပြခဲ့သလို အဲပွဲအခမ်းအနားကိုလည်း လူသောင်းချီ တက်ရောက်ခဲ့ကြပြီး တော်လှန်ရေးနေ့ပွဲကို လာရောက်ဆင်နွဲခဲ့ကြပါတယ်။

ပွဲကို ခွဲခြမ်းစိတ်ဖြာရင် အခြားသောအစီအစဉ်တွေ ရှိပေမယ့် အဓိကအကြောင်းအရာကတော့ အပိုင်း ၂ ပိုင်းကို တွေ့ရပြီး စစ်ရေးပြ အခမ်းအနားနဲ့ ဖျော်ဖြေရေးကဏ္ဍ ဖြစ်ပါတယ်။

အခုလို တော်လှန်ရေးနေ့ကို တအာင်းတို့ရဲ့ မြို့တွင်းထဲမှာ အကြီးအကျယ် ပြုလုပ်ခွင့်ရနိုင်ဖို့နဲ့ မြို့တွေကို အုပ်ချုပ်နိုင်ဖို့ အသက်၊ သွေး၊ ချွေးပေးပြီး တိုက်ပွဲဝင်နေသူတွေဟာ PSLF/TNLA ရဲဘော်တွေဖြစ်တယ်ဆိုတာ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ မိန့်ခွန်းထဲမှာ အသိအမှတ်ပြု ပြောဆိုသွားတာကို တွေ့ရပါတယ်။

ဒါ့အပြင် တော်လှန်ရေးလုပ်နေစဉ်အတွင်း ကျဆုံးသွားတဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အသိအမှတ်ပြုတဲ့အနေနဲ့ ပွဲအခမ်းအနားထဲမှာ အစီအစဉ်တစ်ခုအဖြစ် သီးသန့်ထည့်ထားပေမယ့် ကျဆုံး၊ ထိခိုက်ဒဏ်ရာရသွားကြတဲ့ အောက်ခြေရဲဘော်တွေအတွက် ပွဲအစီအစဉ်ထဲမှာ ထည့်သွင်းထားတာကို မတွေ့ရသလို သူတို့အတွက် အသိအမှတ်ပြုမှုလည်း ပြုလုပ်တာကို မတွေ့ရပါဘူး။

ပွဲခင်းထဲမှာ ခြေတုတပ်ပြီး သွားလာနေတဲ့ ရဲဘော်တွေနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစု၊ မိဘများစွာကို တွေ့ရပေမယ့် အခမ်းအနားထဲမှာ သူတို့အတွက် ဘာအစီအစဉ်တစ်ခုမှ ထည့်သွင်းထားတာကို မတွေ့ရသလို အချို့ဆို အိပ်ဖို့နေရာပင် မရှိ ဖြစ်နေတာကို တွေ့ရပါတယ်။

တော်လှန်ရေးနေ့ဟာ တော်လှန်ရေးမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးအတွက် ဖြစ်သင့်ပြီး ပေးဆပ်ခဲ့သူတွေနဲ့ ဆက်လက်လုပ်ဆောင်နေဆဲ လူတွေကို အသိအမှတ်ပြုကြောင်း လူထုတွေကို ချပြရမယ့်ပွဲ ဖြစ်သင့်ပေမယ့် ဖျော်ဖြေရေးဘက်ကိုသာ ဦးစားပေးပြီး လူထုတွေကို ချပြနေတဲ့ ပွဲသဘောမျိုးဖြစ်နေတာကို လေ့လာတွေ့ရှိရပါတယ်။

ဒီတော်လှန်ရေးကြောင့် မိသားစု ကွဲကွာရသူတွေ၊ မသန်စွမ်း ဖြစ်သွားရသူတွေ၊ မိဘမဲ့ ဖြစ်သွားရသူတွေ၊ ဘဝရပ်တည်ဖို့ ခက်ခဲသွားသူတွေအတွက် ဒီပွဲမှာ ဖိတ်ပြီး အသိအမှတ်ပြုပေးဖို့ လိုအပ်သလို ဖျော်ဖြေရေးအတွက် ကုန်ကျငွေ သိန်းထောင်ချီဟာလည်း ဒီလိုလူတွေအတွက် ပြန်လည်မျှဝေပေးခြင်းဟာ တော်လှန်ရေးနေ့အတွက် အဓိပ္ပါယ်ရှိလှတဲ့ နေ့တစ်နေ့ဖြစ်သွားစေမှာ ဖြစ်ပါတယ်။

ဒါမှလည်း ပွဲတက်ရောက်လာသူ ပရိတ်သတ်တွေလည်း တော်လှန်ရေးရဲ့ ပေးဆပ်ခဲ့ရမှုတွေ အနစ်နာခံရမှုတွေကို မြင်တွေ့ရမှာဖြစ်ပြီး တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရသူ မိသားစုတွေလည်း သူတို့ရဲ့ ပေးဆပ်မှုတွေကို ကျေကျေနပ်နပ်လက်ခံလာနိုင်မှာ ဖြစ်ကြောင်း။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ရုတ်တရက် စံချိန်တင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရေးစခန်း ဖမ်းပြလာတာ တရုတ်ကြောင့်လား၊ နိုင်ငံရေးအမြတ်ထုတ်ခြင်းလား

စစ်ကောင်စီတပ်က ကမ္ဘာ့နိုင်ငံအများစုက အသိမှတ်ပြုထားခြင်းမရှိတဲ့ ရွေးကောက်ပွဲနဲ့အတူ ၂ဝ၂၆နှစ်အစ ဇန်နဝါရီလအတွင်းမှာပဲ ပိုင်ရှင်မပေါ်တဲ့ တန်ဖိုးပေါင်း ဘီလီယံများစွာရှိတဲ့ မူးယစ်ထုတ်လုပ်ရေးစခန်းကို ဖမ်းဆီးနေကြောင်း သတင်းတွေ ဆက်တိုက်ထုတ်ပြန်နေခဲ့သလို နိုင်ငံတကာမီဒီယာအချို့ကိုလည်း မြေပြင်ထိ ခေါ်ဆောင်သွားပြီး သူတို့ ဖမ်းဆီးရမိမှုကို ထုတ်ပြခဲ့ပါတယ်။