ရွှေဖီမြေ၊ ဇန်နဝါရီ ၁၄ ရက်
ရှမ်းမြောက် မိုင်းရယ်နဲ့ သီပေါမြို့နယ်အနီးရှိ ဘိန်းချက်စက်ရုံတွေကို စစ်ကောင်စီတပ်က ဝင်ရောက်ရှင်းလင်းဖမ်းဆီးခဲ့ပြီးတဲ့နောက် မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ပါဝင်ပတ်သက်သူ ဘယ်အဖွဲ့အစည်းကိုမဆို အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက သတင်းရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာထားချက်အရ ဘိန်းချက်စက်ရုံ ဝင်ရောက်ရှင်းလင်းခဲ့တဲ့ မိုင်းရယ်နဲ့ သီပေါမြို့နယ်ထဲက နေရာတွေဟာ စစ်ကောင်စီ လက်ဝေခံတပ်၊ စစ်ကောင်စီတပ်နဲ့ ရှမ်းတပ်မတော် – SSPP တပ် စတဲ့ တပ်ဖွဲ့တွေသာ အဓိကလှုပ်ရှားနေတဲ့ နေရာတွေ ဖြစ်ကြပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်မှာ သီပေါမြို့နယ် နမ့်လန်ဒေသဖက် လုံခြုံရေးဆောင်ရွက်နေချိန် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအမည်မသိလက်နက်ကိုင်တပ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာအနီးမှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံတစ်ခုရှိနေပြီး အဲဒီနေရာကို ဇန်နဝါရီ ၉ ရက်က ဝင်ရောက်ရှင်းလင်းရာမှာ ဆက်သွယ်ရေးပစ္စည်း၊ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စက်ကိရိယာတွေနဲ့ မူးယစ်ဆေးဝါးအများအပြားအပါအဝင် SSPP ယူနီဖောင်းလည်း သိမ်းဆည်းရရှိတယ်လို့ ဓာတ်ပုံနဲ့တကွ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
အလားတူ ဇန်နဝါရီ ၁၁ ရက်က မိုင်းရယ်မြို့နယ် မန်ဖြတ်ကျေးရွာအနီးရှိ မူးယစ်ဆေးဝါးချက်လုပ်တဲ့ ဒုတိယစက်ရုံကို ဝင်ရောက်ရှင်းလင်းချိန်မှာ မူးယစ်ဆေးဝါးနဲ့ ထုတ်လုပ်ရာမှာ ပါဝင်ပတ်သက်နေတဲ့ SSPP တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာတချို့မှာ SSPP ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ခဲ့ပေမဲ့ SSPP ဖက်ကတော့ ငြင်းဆိုထားပြီး တရားမဝင်လုပ်ငန်း မရှိစေဖို့ တားမြစ်ချက် အကြိမ်ကြိမ်ထုတ်ပြန်သလို ပါဝင်ပတ်သက်သူတွေကို စိစစ်အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ မိုင်းရယ်မြို့နယ်မှာ ၎င်းတပ်ဖွဲ့အပါအဝင် ၎င်းတို့ လက်ဝေခံတပ်ဖြစ်တဲ့ မိုင်းဟပြည်သူ့စစ်နဲ့ SSPP တပ်ဖွဲ့တွေသာ လှုပ်ရှားမှုရှိတဲ့ မိုင်းရယ်မြို့နယ်ထဲက မူးယစ်ချက်လုပ်တဲ့ နေရာ ၃ ခုကို ဝင်ရောက်ရှင်းလင်းရာမှာ ကျပ် ၁၅၀၀ ဘီလျံကျော်ရှိတဲ့ စိတ်ကြွဆေးပြား သန်း ၈၀၀ ကျော် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
အဲဒီပမာဏဟာ ၂၀၂၅ ခုနှစ်က မြန်မာနိုင်ငံတစ်ဝန်းလုံး သိမ်းဆည်းရမိတဲ့ စိတ်ကြွဆေးပြား ပမာဏရဲ့ ၃၃ ဒသမ ၄၄ ရာခိုင်နှုန်းရှိတယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ခဲ့ပြီး အဲဒီနေရာတွေဟာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ပင်ရင်းနေရာတွေ ဖြစ်ကြောင်းနဲ့ ပါဝင်ပတ်သက်တဲ့ ဘယ်အဖွဲ့အသည်းကိုမဆို အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။