မိုင်းရူပ၊ ဇန်နဝါရီ ၁၂ ရက်
ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့မှာ တအာင်းတပ်မတော် PSLF/TNLA က လေယာဥ်ပစ်သေနတ်အပါအဝင် သံချက်ကာကား၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေကိုTNLA ထုတ်ပြခဲ့ပါတယ်။
တအာင်းတော်လှန်ရေးနေ့ကို တအာင်းဒေသ မန်တုံမြို့နယ်ထဲမှာ ကျင်းပပြုလုပ်ခဲ့ပြီး စစ်အင်အား တစ်ထောင်ကျော်အသုံးပြုကာ စစ်ရေးပြခဲ့ပြီး ခေတ်မီ လေယာဥ်ပစ်သေနတ်တွေအပါအဝင် သံချပ်ကာကားတွေနဲ့ပါ စစ်ရေးပြခဲ့တာ ဖြစ်ပါတယ်။
တအာင်းတော်လှန်ရေးနေ့ကို PSLF/TNLA ရဲ့ မဟာမိတ်တပ်အချို့လည်း တက်ရောက်ခဲ့ပါတယ်။
PSLF/TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုက္ကဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဌ (၂) ဗိုလ်ချုပ်တားခူလန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်တို့လည်း တော်လှန်ရေးနေ့မှာ တက်ရောက်ခဲ့ပါတယ်။
PSLF/TNLA ထိန်းချုပ်ဒေသမှာ တအာင်းလူမျိုးအပြင် လူမျိုးပေါင်းစုံနေထိုင်တဲ့ ဒေသဖြစ်တာကြောင့် လူမျိူးတမျိုးနဲ့ တမျိုး မေတ္တာတရားနဲ့ အတူယှဥ်တွဲ နေထိုင်သွားရမှာ ဖြစ်တယ်လို့ PSLF/TNLA ရဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းရဲ့ တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
၆၃ နှစ်ပြည်တော်လှန်ရေးနေ့ကို တအာင်းလူထုတွေအပါအဝင် လူမျိုးပေါင်းစုံ ထောင်နဲ့ချီလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီနေ့ကျရောက်တဲ့ တအာင်းတော်လှန်ရေးနေ့မှာ AA နဲ့ ကိုးကန့်တပ်မတော် MNDAA အပါအဝင် မိုးကုတ်ဗျူဟာ၊ မန္တလေး PDF ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA၊ တအာင်းပြည်ကောင်စီ TLC အပါအဝင် တခြားမဟာမိတ်တော်လှန်ရေးတပ်တွေ သဝဏ်လွှာပေးခဲ့ကြပါတယ်။
၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ပလောင်အမျိုးသားတပ်ဦး (PNF) မှ တအာင်းတော်လှန်ရေးကို စတင်ခဲ့ပြီး ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ နှစ်ပေါင်း ၆၃ နှစ်ကြာ ရှိခဲ့ပြီဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။