ပျားကြီး၊ ဇန်နဝါရီ ၉ ရက်၊ မန္တလေး
မန္တလေးမြို့မှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှု ၂ ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် ထိတ်လန့်တကြားနဲ့ နေအိမ်အပြင်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇန်နဝါရီလ ၈ ရက် ည ၉ နာရီခွဲဝန်းကျင်မှာ မန္တလေးမြို့အနီးကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၅ အဆင့်ရှိတဲ့ ငလျင် ၂ ခု စက္ကန့်ပိုင်းပဲခြားပြီး လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
“၂ ခါတောင် ဆက်တိုက်လှုပ်တယ်။ ပထမတခါက ငြိမ့်ကနဲဖြစ်သွားတာ။ ပြီးမှ တအုန်းအုန်းနဲ့ ခပ်ကြမ်းကြမ်းကို ဆောင့်လှုပ်ချပစ်လိုက်တာ။ တရပ်ကွက်လုံး အပြင်ရောက်ကုန်ကြတယ်” လို့ အောင်မြေသာစံမြို့နယ်က ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စက္ကန့် ၃၀ ကျော်ကြာတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်တချို့ နံရံအင်္ဂတေတွေ ပဲ့ကြတာ၊ ပြတင်းပေါက်မှန်တွေ ကွဲတာတွေရှိခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မန္တလေးမြို့မှာ မတ်လ ၂၈ ရက်က ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာကြောင့် နေအိမ်ပေါင်း ထောင်နဲ့ချီ ပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးမှုတွေလည်း အများအပြားရှိခဲ့သလို အဲဒီဖြစ်စဥ်အပြီး ၈ လကျော်ကြာတဲ့အထိ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်ပေါင်း ၂၀၀ ကျော်အထိ ဆက်လက် လှုပ်ခတ်နေသေးတဲ့အပေါ် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြတာကို တွေ့ရပါတယ်။
အဲဒီအပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ်တွေထဲက အထပ်မြင့် အဆောက်အဦးတွေအပါအဝင် အဆောက်အဦးပေါင်း ၁၀၀ ကျော်ဟာ လက်ရှိအချိန်ထိ ဖြိုဖျက်မှုတွေ မလုပ်နိုင်သေးဘဲ အန္တရာယ်ရှိ အဆောက်အဦးတွေအဖြစ် ကျန်ရှိနေသေးတဲ့အပေါ်မှာလည်း စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။