ပုံစာ- မိုးကုတ်မြို့တစ်နေရာမှာ PSLF/TNLA ရဲ့ တပ်ဖွဲ့ဝင်တွေက စစ်ဆေးမှု ပြုလုပ်နေစဉ်

မိုင်းရူပ၊ ဇန်နဝါရီ ၁၈ ရက်၊ မိုးကုတ်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်မှု ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်မှာ မိုးကုတ်မြို့အနောက်ပိုင်း ညောင်ပင်ကြီးရပ်ကွက်ရှိ နေအိမ်တစ်ခုမှာ ပစ္စတိုသေနတ် ကိုင်ထားတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဓားပြ ဝင်တိုက်ရာ ငွေ ၇၄၈ သိန်းနဲ့ သိန်း ၅၀ ဝန်းကျင်တန်ဖိုးရှိ နားကပ်တစ်ရံ စုစုပေါင်း တန်ဖိုး သိန်း ၈၀၀ နီးပါး ပါသွားခဲ့ပါတယ်။

“ဓားပြ လာတိုက်တဲ့သူက အသက် ၃၀ ဝန်းကျင် ရှိမယ်။ Mask တပ်ပြီး သေနတ်နဲ့ ခြိမ်းခြောက်သွားတာ။ သိန်း ၈၀၀ နီးပါး ပါသွားတယ်” လို့ ဖြစ်စဥ်ကိုသိရှိတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိအချိန်ထိ ဓားပြတိုက်တဲ့ အဲဒီအမျိုးသားကို PSLF/TNLA ဘက်က ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။

မိုးကုတ်မှာ ဓားပြတိုက်မှု မကြာခဏဖြစ်ပွားနေတာကြောင့် လုံခြုံရေးအတွက် လူထုတွေကြား စိုးရိမ်မှု ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း ရေဦးကြီးရပ်ကွက်ရှိ နေအိမ်တစ်ခုမှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၉ ရက်ကလည်း TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် ၇ မိုင်ရွာက နေအိမ်တစ်ခုမှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး လက်ဝတ်ရတနာတချို့ ပါသွားခဲ့ပါတယ်။

မိုးကုတ်မှာ ဓားပြတိုက်မှု မကြာခဏဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို စာပို့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာတော့ မရှိသေးပါဘူး။

လက်ရှိ မိုးကုတ်မှာ TNLA တပ်ဖွဲ့အပြင် တခြားတော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ထက်မနည်းလည်း သွားလာလှုပ်ရှားနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။