မိုင်းရူပ၊ ဇန်နဝါရီ ၆ ရက်၊ နမ့်တစ်
ဝတပ်ဖွဲ့- UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်ခရိုင် နမ့်တစ်မြို့မှာ ထောင်စောင့်ကို သတ်ပြီး ထွက်ပြေးတဲ့ အကျဉ်းသား ၇ ဦးကို ပြန်ဖမ်းမိပြီလို့ UWSA ရဲ့ ဝပြည်တရားစီရင်ရေးဌာန- WSP က ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်မှာ နမ့်တစ်မြို့ လျှပ်စစ်ဓာတ်အားရုံမှာ အလုပ်လုပ်ခိုင်းနေစဉ် အကျဉ်းထောင်စောင့်ဝန်ထမ်းတစ်ဦးကို ရိုက်နှက်ပြီး ထွက်ပြေးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းတို့ ၇ ဦးကို ဖမ်းမိဖို့ ကိုးကန့်တပ်မတော်- MNDAA ရဲ့ ရဲဌာနနဲ့ UWSA ရဲဌာနတို့ ပူးပေါင်းပြီး ရှာဖွေခဲ့ရာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်မှာ ကိုးကန့်ဒေသအတွင်း ပြန်ဖမ်းမိခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အကျဉ်းသား ၇ ဦး ထွက်ပြေးစဉ် အကျဉ်းသားတစ်ဦး သေဆုံးစေခဲ့တဲ့အပြင် တခြား ကင်းစောင့်ဝန်ထမ်းတစ်ဦးကိုလည်း ရိုက်နှက်ခဲ့ကာ ၎င်းကိုင်ဆောင်တဲ့ သေနတ်ကိုလည်း လုယူသွားတယ်လို့ ဆိုပါတယ်။
ထောင်ဖောက်ပြေးတဲ့ အကျဉ်းသား ၇ ဦးဟာ ဘယ်လို ပြစ်မှုတွေ ကျူးလွန်ထားလဲဆိုတာ မဖော်ပြထားဘဲ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြစ်မှုအလိုက် ပြစ်ဒဏ်ချမှတ်သွားမယ်လို့ UWSA က ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်သိရှိသူ ဟိုပန်ဒေသခံ အမျိုးသမီးတစ်ဦးကတော့ ထွက်ပြေးသွားတဲ့ အကျဉ်းသား ၇ ဦးကို ကွမ်းလုံမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး လူကို ရည်ရွယ်ချက်ရှိရှိ သတ်ပြီး ထွက်ပြေးသွားတာကြောင့် UWSA ရဲ့ ဥပဒေအရ သေဒဏ်ပေးခံရနိုင်တယ်လို့ ရွှေဖီမြေကို ပြောပါတယ်။
“ကွမ်းလုံ ကြံခင်းထဲ ပြန်ဖမ်းမိတာ ကြားတယ်။ လူလည်း သတ်တယ်။ ရဲကိုလည်း ရိုက်တယ်။ သေနတ်လည်း လုသွားတာ ဆိုတော့ UWSA ရဲ့ တရားစီရင်ရေး ဥပဒေအရ လူကို ရည်ရွယ်ချက်ရှိရှိ သတ်တာဆိုတော့ သေဒဏ်မြှောက်တာပေါ့” လို့ ဆိုပါတယ်။
UWSA တပ်ဘက်ကတော့ အခုလို ထောင်ဖောက် ထွက်ပြေးတာတွေ မဖြစ်ဖို့ လုံခြုံရေးကို တိုးမြှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။