မိုင်းဖိူမ်းဆငဲ၊ ဇန်နဝါရီ ၆ ရက်
တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက မုန့်ဆိုင်တချို့တွေမှာ သက်တမ်းကုန်နေတဲ့ အစားအစာတွေနဲ့ ဆေးဝါးတွေ ရောင်းချနေတာ ဆက်ရှိနေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
နမ့်ဆန်၊ မန်တုံ၊ နမ္မတူ စတဲ့ မြို့နယ်တွေမှာရှိတဲ့ မုန့်ဆိုင်နဲ့ ကုန်စုံဆိုင်တချို့မှာ သက်တမ်းကုန်ပြီဖြစ်တဲ့ အစားအစာတွေကို ဆက်လက်ရောင်းချနေတာ ဖြစ်ပါတယ်။
နမ္မတူဒေသခံတစ်ဦးက “မုန့်ဆိုင်တွေမှာ တရုတ်အစပ်ချောင်းတွေ သွားဝယ်ရင် ဒိတ်ကုန်တဲ့ဟာတွေကြီးပဲ။ တချို့သူတွေကြတော့ ဒိတ်မကြည့်တော့ မသိကြဘူး” လို့ ဆိုပါတယ်။
မြို့ပေါ်တွေမှာအပြင် ကျေးရွာတွေဖက်တွေမှာလည်း သက်တမ်းကုန်နေတဲ့ တရုတ်ထုတ်အစားအစာတွေ ဆက်လက်ရောင်းချနေတာကို ရွှေဖီမြေ ကွင်းဆင်းချိန်မှာ တွေ့ရှိရပါတယ်။
နမ္မတူမြို့ထဲမှာ အစားအစာတွေအပြင် ဆေးဆိုင်တချို့မှာလည်း သက်တမ်းကုန်နေတဲ့ ဆေးဝါးတွေ ဆက်လက်ရောင်းချနေတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“၁၀ လပိုင်းတုန်းက အဖွားအတွက် အာရုံကြော အားကောင်းဆေး သွားဝယ်တာ။ တော်သေးလို့ ရက်စွဲကြည့်မိမှ သက်တမ်းကုန်နေတာ သိရတာ” လို့ ဆိုပါတယ်။
ဒီလိုသက်တမ်းကုန်တဲ့ အစားအစာတွေနဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာ ရောင်းချမှု၊ တင်သွင်းမှုတွေကို တအာင်းပြည် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ဒီ ၂၀၂၆ မှာ စတင်ပြီး ပြန်လည်ကြီးကြပ်သွားမယ်လို့ ဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
သူက “အခုလောလောဆယ် အဲဒီသက်တမ်းကုန် ပစ္စည်းတွေ ရောင်းချတဲ့သူတွေကို ဘယ်လိုပြစ်ဒဏ်ချမှတ်မလဲဆိုတဲ့ မူပေါ်လစီတော့ မရှိသေးဘူး။ ဒီနှစ်ကစပြီးတော့ လုပ်ဆောင်သွားဖို့ရှိတယ်” လို့ ဆိုပါတယ်။
နမ္မတူမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လတုန်းကလည်း မြို့နယ်ပြန်လည်ထူထောင်ရေးကော်မတီက သက်တမ်းကုန်တဲ့ အစားအစာတွေ လိုက်လံစစ်ဆေးတာရှိခဲ့ပေမဲ့ အဲကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျ ပြဌာန်းထားတဲ့ မူဝါဒတော့ မရှိသေးဘူးလို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်