ရွှေဖီမြေ၊ ဇန်နဝါရီ ၃ ရက်၊ ပဲခူး
ပဲခူးတိုင်း ပဲခူးမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး (၁) ဦးအပါအဝင် (၆) ဦး သေဆုံးခဲ့တယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီစစ်ကြောင်းကို မိနစ် ၄၀ ကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့တာအပြင် စစ်သုံ့ပန်း ၅ ဦးလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် (၁၂) လက်၊ ခဲယမ်း၊ လက်ပစ်ဗုံးနဲ့ စစ်သုံးပစ္စည်းတချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၇၀၁) တပ်ရင်းနဲ့ တပ်ခွဲ(၃) ရဲဘော်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက် မနက် (၇) ခွဲအချိန်မှာလည်း ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသ အရှေ့ဘက်ကမ်း၊ ရေတာရှည်မြို့နယ်၊ အိုးမြေဒူးကျေးရွာနဲ့ အနောက်ဘက်ကမ်းက ဒိုးတန်းကျေးရွာ၊ ခင်တန်းလေးကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။