မြတ်နိုး၊ ဒီဇင်ဘာ ၃၁ ရက်၊ မိုးမောက်
ကချင်ပြည်နယ် KIO/KIA ထိန်းချုပ်ရာဒေသဖြစ်တဲ့ မိုးမောက်မြို့နယ် မိုင်ဂျာယန်ထောင်ကြီးမှာ လူသတ်မှုနဲ့ အကျဉ်းကျနေသူ နှစ်ဦးက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက် မနက်အစောပိုင်းမှာ တခြားအကျဉ်းသားတွေကိုပါ ခြိမ်းခြောက်ပြီး အခန်းနံရံ ထွင်းဖောက်ထွက်ပြေးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လူသတ်မှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ တရားခံ ၂ ယောက် သံချွန်နဲ့ သူတို့ ၂ ယောက်အိပ်တဲ့ အကျဉ်းခန်းထောင့်မှာ ထွင်းပြီး အပေါက်ဖောက်ယူ ထွက်ပြေးသွားတာလို့ သိရတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီ လူသတ်တရားခံ ၂ ဦးဟာ ၎င်းတို့ ထွက်ပြေးဖို့ ပြင်ဆင်နေကြောင်းကို လုံးဝမပြောဖို့နဲ့ ပြောပါက အားလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပြီး ထောင်ဖောက်ဖို့ သုံးရက်နီးပါးအကြာ အချိန်ယူပြင်ဆင်နေခဲ့တာလို့ ဆိုပါတယ်။
“လူသတ်မှု ကျူးလွန်ထားသူ ၂ ယောက် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်အစောပိုင်း ၃ နာရီခွဲ ဝန်းကျင်ခန့်က မိုင်ဂျာယန်ထောင်ကြီးကနေ ထွက်ပြေးသွားတယ်လို့ သိရတယ်။” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
ထွက်ပြေးသွားသူ ၂ ဦးဟာ မုန်းလွယ်မှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် ဒွမ်ဖောင်းဝ်ယော်ထုန်ဆိုသူနဲ့ ဂိုင်တော်မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် အုန်းဆောင်းဝ်ဇိုင်းလတ်တူး တို့ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ထောင်ဖောက်ထွက်ပြေးသွားတဲ့ အဲဒီလူသတ်တရားခံ ၂ ဦးကို သက်ဆိုင်ရာက လိုက်လံရှာဖွေနေပြီး ပြန်လည်ဖမ်းမိတာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။