အိုက်ပွီး၊ ဒီဇင်ဘာ ၂၉ ရက်၊ ဟားခါး
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ခလရ ၂၆၆ တပ်ကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့သလို ချင်းကာကွယ်ရေးတပ်(ဟားခါး) ဘက်ကလည်း ကျဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၉ ရက် အွန်လိုင်းရန်ပုံငွေ ရှာဖွေရေး ကျင်းပတဲ့ အစီစဥ်မှာ CDF-Hakha ဥက္ကဋ္ဌ ဦးဟရန်လျန် က အခုလိုပဲ ပြောကြားလိုက်တာဖြစ်ပါတယ်။
“လက်နက်သိမ်းဆည်းတာနဲ့ စစ်ကော်မရှင် သေတာ အသေးစိတ်မပြောနိုင်သေးပါဘူး။ ဒါပေမယ် သေနတ် ၈ လက် နဲ့ စစ်ကော်မရှင်ဘက်က ၁၅ ဦး သေဆုံးတာကိုတော့ အတည်ပြုနိုင်ခဲ့ပါတယ်။”လို့ CDF-Hakha ဥက္ကဋ္ဌ က ပြောပါတယ်။
စစ်ကောင်စီ ခလရ ၂၆၆ တပ်ကုန်းကို CDF – Hakha က စစ်ကြောင်း သုံးကြောင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေရာတချို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ခလရ ၂၆၆ တပ်ကုန်းကို မသိမ်းနိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာရတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ CDF-Hakha ဘက် ရဲဘော်တွေလည်း ကျဆုံးမှုရှိတယ်လို့ ပြောဆိုထားပေမယ့် ကျဆုံးစာရင်းကိုတော့ အတိကျပြောဆိုထားတာမရှိပါဘူး။
ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ” ကျတော်တို့ ခလရ ၂၆၆ တပ်ကုန်းထဲထိ ကို ဝင်ရောက်ခဲ့ပြီ။ တပ်နောက်ပြန်ဆုတ်တဲ့ခါ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ရဲဘော်တွေ ကျဆုံးခဲ့တာပါ။ စုစုပေါင်း ၁၁ ဦးထက်မနည်း ကျတယ်”လို့ ရွှေဖီမြေသို့ ပြောပါတယ်။
ဟားခါးမြို့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ နှစ်ရက်အလို ဒီဇင်ဘာလ ၂၆ ရက်နေ့က ခလရ ၂၆၆ တပ်ကုန်းကို ဒေးဗစ်အမည်ဖြစ် စစ်ဆင်းရေးနဲ့ CDF Hakha က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။