အိုက်ပွီး၊ ဒီဇင်ဘာလ ၂၉ ရက်၊ တီးတိန်
ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီက မဲမထည့်သူတွေကို ပေါ်တာဆွဲမည်ဟု ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တီးတိန်မြို့မှာ မနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်မှာ မဲပေးသူတွေ အလွန်နည်းပါးတာကြောင့် စစ်ကောင်စီက ပြည်သူတွေကို အခုလို ခြိမ်းခြောက်တာဖြစ်ပါတယ်။
“မနက်ပိုင်းမှာ မဲပေးတဲ့သူတွေ မရှိဘူး။ ဝန်ထမ်းတွေလောက်ပဲ မဲပေးတယ်။ ဒါကြောင့် စစ်သားတွေက မဲမထည့်သူတွေကို ပေါ်တာဆွဲမည်ဆိုပြီး ခြိမ်းခြောက်လာတာပါ။” လို့ တီးတိန်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေက တစ်အိမ်ဝင်တစ်အိမ်ထွက် မဲထည့်ဖို့ ဆော်သြနေကြသလို ဘုရားကျောင်းတွေမှာလည်း မဲပေးဖို့ မဲဆွယ်နေကြပါတယ်။
“အိမ်ထိလာပြီး မဲပေးဖို့ ပြောတယ်။ ဘုရားကျောင်းမှာလည်း လာတယ်။ မဲထည့်ဖို့ ပြောတယ်။ လူတွေက စိတ်မဝင်စားကြဘူးလေ။”လို့ နောက်ထပ် တီးတိန်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဌာနဆိုင်ရာ ရုံးဝန်ထမ်းနဲ့ မြို့မရပ်ကွက်က အသက်အရွယ်ကြီးရင့်သူ အချို့ မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့် lawibual နဲ့ leitawhtan ရပ်ကွက်တွေမူ ဘယ်သူမှ အပြင်မထွက်ကြဘဲ မဲမပေးဘဲ နေခဲ့ကြပါတယ်။
ချင်းပြည်နယ်က တီးတိန်နဲ့ ဟားခါးမြို့မှာ ဒီနေ့ စစ်ကောင်စီ ဦးဆောင်တဲ့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပကြပြီး ကြိုတင်မဲကို ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက မဲအပြတ်သတ်အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။