မိုင်းရူပ၊ ဒီဇင်ဘာ ၂၆ ရက်၊ မိုးကုတ်
စစ်ကောင်စီတပ်စွဲထားတဲ့မန္တလေးတိုင်း မိုးကုတ်မြို့နယ် အောက်ပိန်းပြစ်ရွာရဲ့ စာသင်ကျောင်း ဒရုန်းနဲ့ ထပ်မံဗုံးကြဲခံရတယ်လို့ မိုးကုတ်မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
အောက်ပိန်းပြစ်ရွာ စာသင်ကျောင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ညနေပိုင်းမှာ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းပျက်စီးသွားတယ်လို့ မိုးကုတ်ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“စကစလာနေတာ ၂ ရက်ဘဲရှိသေးတယ်။ ဒရုန်းနဲ့ လာကြဲခံရတာ။ PDF ကြဲတာတဲ့။ စာသင်ကျောင်းကတော့ ဘေးဆောင်၊ ရှေ့အဆောင်ဘဲကျန်တယ်။ ပျက်စီးကုန်ပြီ” လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုမသိရသေးဘဲဒီနေ့အချိန်အထိ ပိန်းပြစ်အောက်ရွာစာသင်ကျောင်းမှာ စစ်ကောင်စီတပ်တွေထွက်ခွာသွားပြီလို့ သူမက ဆက်ပြောပြပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာပြီးနောက် မိုးကုတ်ဗျူဟာကုန်းအပြင် စာသင်ကျောင်းနဲ့ ဘုန်ကြီးကျောင်းတွေမှာ တပ်စွဲထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နဲ့ မနေ့ ၂၅ ရက်မှာလည်း မိုးကုတ်မြို့နယ် ညောင်သုံးပင်၊ မစိုးရိမ်ကျောင်းနဲ့ သဖန်းပင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ မိုးကုတ်မြို့ထဲကို တရုတ်အကူအညီနဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေပြီး ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်အထိ လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ မြို့ခံတွေက ဆိုရတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်ဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။