ပို့လဘား၊ ဒီဇင်ဘာ ၂၆ ရက်၊ မိုင်းယုလေး
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအုပ်စု ဟိုခိုကျေးရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်သားအချင်းချင်း ပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီခွဲမှာ ဟိုခိုကျေးရွာရဲ့ ရွာသူကြီးနဲ့ SSPP တပ်ဖွဲ့က ခွင့်ယူထားတဲ့ ၎င်းတပ်သားဖြစ်တဲ့ ကိုအိုက်ယီထော်ဆိုသူကို လာရောက် ခေါ်ဆောင်တဲ့အချိန်မှာ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။
“သူက ခွင့်ယူပြီးအိမ်ပြန်တာ။ အိမ်ရောက်တော့ အရက်ပဲဇွတ်သောက်နေတာ မူမမှန်သလိုဖြစ်သွားတော့ သူတို့တပ်ဖွဲ့က သူ့ကို တပ်မှာပြန်နေဖို့လာခေါ်တာ။ ရွာသူကြီးက တပ်သားတစ်ချို့ကို သူ့အိမ် ခေါ်လာပြီး သူ့ကိုလာဖမ်းဖို့ပြောတဲ့အချိန်မှာ သူက ဓားထုပ်ပြီး ရွာလူကြီးနဲ့ အဲတပ်သားတွေကို လိုက်ခုတ်ဖို့လုပ်နေတာ။ အဲချိန်မှာ ရွာသူကြီးနဲ့ တပ်သားတွေက နောက်ဆုတ်ရင်းနဲ့ သစ်ပင်ကို ဝင်တိုက်မိတာ။ အဲမှာပဲ သူကသေနတ်ယူပြီး အဲတပ်သားထဲက တစ်ယောက်ကို ပစ်လိုက်တာ။ အဲဒီတပ်သားတစ်ချို့လည်း သူ့ကိုပြန်ပစ်လိုက်တော့ သူအဲမှာပဲ သေသွားတယ်”လို့ ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် SSPP တပ်သားဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ဦးအိုက်ယီထော်ဆိုသူဟာ သေဆုံးသွားခဲ့တာဖြစ်ပြီး SSPP တပ်သားဖြစ်တဲ့ ကိုလာဝ်ဝူးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာတော့ ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူနေရတာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ဦးအိုက်ယီထောင်ရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့ ဒီဇင်ဘာ ၂၆ ရက် နေ့လယ်မှာ မီးသဂ်ြုလ်ပေးလိုက်တာဖြစ်ပြီး ၎င်းရဲ့အသုဘစရိတ်ကိုလည်း SSPP တပ်က တာဝန်ယူဖြေရှင်းပေးမှာ ဖြစ်တယ်လို့ အထက်ပါ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။