အိုက်ပွီး၊ ဒီဇင်ဘာလ ၂၆ ရက်၊ ဟားခါး
ချင်းပြည်နယ်၊ ဟားခါးမြို့ ရုန်းတောင်က စစ်ကောင်စီရဲ့ ခလရ ၂၆၆ တပ်ကုန်းကို ချင်းကာကွယ်ရေးတပ် (ဟားခါး)မှ တိုက်ခိုက်နေပြီး နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဟားခါးမြို့ ရုန်းတောင် ခလရ ၂၆၆ တပ်ကုန်းအပါအဝင် လုံခြုံရေးစခန်း သုံးခုထက်မနည်းကို CDF (ဟားခါး) က ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ မနက် ၆ နာရီ၊ ၃၀ မိနစ်ဝန်းကျင်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ရုန်းတောင်ပေါ်က သုံးနေရာလောက်မှာ တိုက်ပွဲဖြစ်ကြတယ်။ Tv တိုင်မှာတော့ ငြိမ်သွားပြီ။ ကျသွားပြီ။ အခု ခလရ (၂၆၆) တပ်ကုန်းမှာ တိုက်ပွဲဆက်ဖြစ်နေတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေတယ်။”လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့နေရာတွေကို ဒီနေ့မနက်ပိုင်းကစပြီး ဂျက်ဖိုက်တာ၊ Y 12 လေယာဥ်တွေနဲ့ အဆက်မပြတ် ခုခံတိုက်ခိုက်ပေးနေတယ်လို့ သိရပါတယ်။
“လေကြောင်း တောက်လျောက် ဗုံးကြဲတယ်။ မြေကြီးတွေပါတုန်တယ်။ လူတွေလည်း အပြင်မထွက်ရဲကြတော့ဘူး။ ခလရ ၂၆၆ တပ်ကုန်းမှာလည်း မီးတွေလောင်နေတယ်။”လို့ အထက်ပါ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒီနေ့မနက်ဖြစ်တဲ့ တိုက်ပွဲမှာ နေ့လယ် ၁၂ နာရီထိ ဆက်လက်ဖြစ်ပွားပြီးဟာ တိုက်ပွဲဟာ ပြင်းထန်နေပါတယ်။
CDF ဟားခါးနဲ့ နီးစပ်သူတွေနဲ့ ဟားခါးဒေသတွင်း သတင်းဌာနတွေမှာ တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး CDF (ဟားခါး) က တစ်စုံတစ်ရာ မထုတ်ပြန်သေးပါဘူး။
ဟားခါးမြို့မှာ စစ်ကောင်စီ ရွေးကောက်ပွဲ အပိုင်း (၁) မကျင်းပမီ နှစ်ရက်အလိုမှာ CDF (ဟားခါး) က စစ်ကောင်စီရဲ့ အကြီးဆုံး တပ်စခန်းဖြစ်တဲ့ ခလရ (၂၆၆) တပ်ကုန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။