ရွှေဖီမြေ၊ ဒီဇင်ဘာ ၂၂ ရက်၊ ပုလော
တနင်္သာရီတိုင်း ပုလောမြို့နယ်က CDM ဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူကို သတ်ဖြတ်သွားတဲ့ တရားခံတွေ ဖမ်းဆီးရမိပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU ) မနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
သတ်ဖြတ်သွားသူတွေဟာ KNDO တပ်ရင်း(၇)၊ တပ်ခွဲ (၅) မှာ ချုပ်နှောင်ထားတဲ့ အပြစ်သား ၄ ဦးဖြစ်တဲ့ မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်နဲ့ မောင်ဝင်းစိုးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကျူးလွန်သူ ၄ ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် မနက် ၅ နာရီဝန်းကျင်မှာ အကျဉ်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်ထဲ ပါထားပါတယ်။
အခုလို ထွက်ပြေးသွားပြီးနောက်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက် မနက် ၁ နာရီမှာ ပုလောမြို့နယ် ဆားခဲကျေးရွာက အဆိုပါ လင်မယားနှစ်ဦးကို သတ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ က ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ထွက်ပြေးသွားတဲ့ အပြစ်သား ၄ ဦးကို လိုက်လံရှာဖွေဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်မှာ ၃ ဦးကို ဖမ်းဆီးရမိခဲ့ရာ ကျန်တစ်ဦးကိုတော့ ဒီဇင်ဘာ ၁၈ ရက်မှာ ထပ်မံဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတို့ ၄ ဦးကို ဖမ်းဆီးရမိပြီးနောက် စုံစမ်းစစ်ဆေးခဲ့ရာ ဆရာမဒေါ်အေးသီအောင်နဲ့ ခင်ပွန်းကို ၎င်းတို့ သတ်ဖြတ်ခဲ့ကြောင်း သိရှိခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
နောက်အပြစ်တစ်ခုကို ထပ်မံကျူးလွန်ခဲ့တဲ့ အဆိုပါ အပြစ်သား ၄ ဦးကို စုံစမ်းစစ်ဆေးပြီး ကရင်အမျိုးသားအစည်းအရုံးရဲ့ ကော်သူးလေ တရားဥပဒေများနဲ့အညီ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။