ခိုင်လေး၊ ဇန်နဝါရီ ၁၇ ရက်၊ ရေစကြို
မကွေးတိုင်း ရေစကြိုမြို့နယ် သာဂေါင်ကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ရာ ဒေသခံ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၁၆ ရက် မနက် ၁ နာရီခန့်က ရေလယ်ကျွန်းဒေသ သာဂေါင်ရွာကို စစ်တပ်က လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ နွားနဲ့ဝက်လည်း သေဆုံးခဲ့ပြီး နေအိမ် ပျက်စီးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “စကစ လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်တာ အသက် ၁၆ နှစ်နဲ့ ၅၅ နှစ် ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရတယ်။ နွားတစ်ကောင်နဲ့ ဝက်တစ်ကောင်လည်း သေဆုံးခဲ့တယ်” လို့ ပြောပါတယ်။
သာဂေါင်ရွာရဲ့ မြောက်ဖျားပိုင်းကို ကြဲခဲ့တာဖြစ်ပြီး လယ်ကွင်းထဲ ကျကာ အမျိုးသားနှစ်ဦးကို ဗုံးစ ထိမှန်ပြီးတော့ သေဆုံးသွားတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၁၄ ရက်အထိ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃၀ ဦး၊ အမျိုးသား ၂၂ ဦး စုစုပေါင်း ၅၂ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။