ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၇ ရက်၊ မူးမြို့
ကရင်အမျိုးသားအစည်းအရုံး KNU ထံ တပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၅ ဦး KNU ထံ အလင်းဝင်လာကြတယ်လို့ KNU က မနေ့ ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။
အဲဒီ တပ်သား ၅ ဦးဟာ စစ်ကောင်စီတပ်ရဲ့ ခလရ (၃၀)က တပ်သား ချမ်းငြိမ်းဇော်၊ အောင်ဖြိုးဦး၊ ရဲမောင်မောင်၊ ဘိုဘိုဟိန်း နဲ့ ခမရ (၄၃၉)က တပ်သား အောင်လင်းသက်တို့ဟာ ပဲခူးတိုင်း မူးမြို့နယ်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံ အလင်းဝင်ခဲ့တာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
အဆိုပါတပ်သားတွေဟာ စစ်ကောင်စီတပ်ရဲ့ မတရားစစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ် စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားတွေဖြစ်ပြီး KNU က စည်းမျဥ်းစည်းကမ်းများနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။
အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားများအနေနဲ့လည်း နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ထံ အမြန်ဆုံး လက်နက်ချအလင်း၀င်လာကြရန် KNU က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကလည်း တနင်္သာရီတိုင်း မောတောင်မြို့နယ်ရှိ KNU တပ်မဟာ ၄ တပ်ရင်း ၁၁ထံ အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၉ ဦး လက်နက်နဲ့အတူ အလင်းဝင် ရောက်လာကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။