ယာရူစိင်၊ ဒီဇင်ဘာ ၁၆ ရက်၊ ရွှေဘို
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၁ ပါးအပါအဝင် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁၆ ရက် မနက် ၁၀ နာရီကနေ နေ့လယ် ၁ နာရီဝန်းကျင်အထိ ရွှေဘိုမြို့နယ် အရှေ့ဘက်ရှိ သဲကျွန်းရွာ၊ မြောက်ဘက်ခြမ်းရှိ သစ်ကုန်းရွာနဲ့ သာယာအေးကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၁၆ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီ ဗုံးကြဲခံရတဲ့နေရာမှာ ကားတွေတော်တော်များများလည်း ပျက်စီးသွားပါတယ်ဗျ။ ကားထဲမှာ တစ်ယောက်သေတာရှိတယ်။ ဦးဇင်းသေဆုံးတဲ့နားမှာလည်း တစ်ယောက်သေတယ်။ အဲဒေသမှာက တိုက်ပွဲဖြစ်တာမျိုးလည်း မရှိပါဘူး”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကနေ ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်အထိ ရွှေဘိုမြို့နယ်က ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဒဏ်ကို ခံစားနေရတာ ၄ ကြိမ်မြောက်အထိ ရှိခဲ့ပြီဖြစ်ကြောင်းကို ကိုမုန်တိုင်းက ဆက်ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီခွဲမှာလည်း ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးမှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၄ ဦးသေဆုံးခဲ့ရတာပါ။
စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းအပါအဝင် စစ်ကြောင်းထိုးတာတွေ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်နေ့တိုင်း ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။