ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၆ ရက်
စစ်ကောင်စီတပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မဲမသမာမှုဆိုတဲ့ စွပ်စွဲချက်နဲ့ အကျဉ်းထောင်ချခဲ့ပြီး သားဖြစ်သူအပါအဝင် ဘယ်သူနဲ့မှ ပေးမတွေ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ကို လူတွေက စိုးရိမ်ပူပန်မှု မြင့်တက်လာနေပါတယ်။
အဲဒီကိစ္စရပ်အပေါ် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ထဲမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိနေတယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် သတင်းမီဒီယာတွေက ၎င်းတို့ ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဖျက်ဆီးလိုတာကြောင့် ဒေါ်စုရဲ့ ကျန်းမာရေးအခြေအပေါ် ပုံကြီးချဲ့ လှုံ့ဆော်ဝါဒဖြန့်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တစ်ဖက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းအပါအဝင် အာဆီယံ အထူးကိုယ်စားလှယ်တို့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အကြိမ်ကြိမ်တောင်းဆိုတာရှိခဲ့ပေမဲ့ စစ်ကောင်စီက တွေ့ဆုံခွင့် ပိတ်ထားဆဲဖြစ်ပါတယ်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးသလို သူမရဲ့ ကျန်းမာရေးအခြေအနေနဲ့ပက်သက်ပြီး တစုံတရာထုတ်ပြန်တာမရှိတဲ့အတွက်ကြောင့် သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်အပါ ပြည်သူလူထုတွေက စိုးရိမ်ပူပန်လျက်ရှိပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။