မိုင်းရူပ၊ ဒီဇင်ဘာ ၁၄ ရက်၊ စဥ့်ကူး
မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဆက်တိုက်ထိုးဆင်နေပြီး တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်နယ်မြေတွေ လက်လွှတ်နေရတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီဟာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို အသုံးပြုကာ မတ္တရာမြို့နယ်ကနေစဥ့်ကူးမြို့နယ်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ စဥ့်ကူးမြို့နယ်ထဲက ထုံကြီးရွာကို စစ်ကောင်စီက ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ထုံကြီးအထိက စကစရသွားပြီ။ လေကြောင်းကလည်း အမြဲတမ်းလိိုလိုလာနေတယ်။ ဒရုန်းနဲ့လည်း ဆက်တိုက် ကြဲနေတယ်” လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း ရောက်ရှိနေတဲ့ ထုံကြီးကျေးရွာဟာ မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြိုနဲ့ ၁၀ မိုင်ဝန်းကျင်သာကွာဝေးပြီးစဥ့်ကူးမြို့အတွက် စိုးရိမ်ရတဲ့အခြေအနေလို့ သူက ဆက်ပြောပြပါတယ်။
မနေ့ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာရှိ နေအိမ်ပေါ်ကို စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။
ရှမ်း- မန်းစစ်ဆင်ရေးအတွင်း မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်ထားတဲ့ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်ထဲကနေရာတွေကို စစ်ကောင်စီက ဆက်တိုက်ပြန်ထိန်းချုပ်နေပြီး လက်ရှိမှာ စဥ့်ကူးမြို့ကိုပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တရုတ်အကူအညီနဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို ပြန်ရတာကြောင့် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်ရှိ တော်လှန်ရေးတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့ပြီးမန္တလေးတိုင်းထဲက လက်လွှတ်နယ်မြေတွေကို ဆက်
တိုက်ထိုးစစ်ဆင်နေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ မန္တလေး PDF နဲ့ စစ်ကောင်စီတပ်ဘက်ကတော့ စဥ့်ကူးမြို့နယ်ထဲက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တစုံတရာသတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။