မိုင်းရူပ၊ ဒီဇင်ဘာ ၁၃ ရက်၊ မိုးကုတ်
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၁၂ ရက်မှာ မိုးကုတ်မြို့အနီးရှိ သစ်ဆိမ့်ကုန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့က ၂ နေရာလောက် တိုက်ပွဲပြင်းထန်တယ်။ သစ်ဆိမ့်ကုန်းတိုက်ပွဲတော့ တော်တော်ကြမ်းတယ်။ ဂျက်ဖိုက်တာနဲ့လည်း လာကြဲသွားတယ်” လို့ ဆိုပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှာလည်း မိုးကုတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သူက ဆက်ပြောပြပါတယ်။
မိုးကုတ်မြို့မှာ မိုးကုတ်ဗျုဟာအပြင် မိုးကုတ်ပကဖ၊ ပတ္တမြားမြေ PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီတပ် တပ်စွဲထားတဲ့ မိုးကုတ်ဆေးရုံနဲ့ ဆေးရုံအနီးတစ်ဝိုက်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိမှာ ပြင်ဦးလွင်- မိုးကုတ်၊ မိုးကုတ်- မိုးမိတ်လမ်းပိုင်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး တခြားမြို့ပြင်က နေရာတွေကိုတော့ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
မိုးကုတ်မြို့တွင်းကို စစ်ကောင်စီတပ်ပြန်ဝင်လာတာ ၂ ပတ်နီးပါးရှိလာပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်မစနိုင်သေးသလို မြို့ခံအများစုလည်း နေရပ်ပြန်မလာနိုင်ကြသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း မိုးကုတ်နဲ့ မိုးမိတ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမယ်လို့ NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလက်က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောကြားထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။