ပို့လဘား၊ ဒီဇင်ဘာ ၁၃ ရက်၊ နမ့်ဖက်ကာ
ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာက လင်မယားနှစ်ဦးကို ဓားနဲ့ခုတ်သွားတဲ့ သံသယရှိသူ အမျိုးသားတစ်ဦးကို တအာင်းရဲတပ်ဖွဲ့က ဖမ်းမိထားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အဆိုပါအမျိုးသားကို ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရှိ တအာင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်မှာ သွားရောက် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ၎င်းကို စစ်ဆေးမှု ပြုလုပ်နေတယ်လို့ တအာင်းရဲဘက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အခုချိန်ထိ သူ့ကို ဖမ်းထားပြီး စစ်ဆေးနေတုန်းပဲ။ သူလုပ်တာ မဟုတ်ဘူးပဲငြင်းနေတယ်။ သူကအခုထိ ဝန်မခံသေးဘူး။ ဘာမေးမေး မသိဘူးပဲပြောနေတာ။ ဓားခုတ်ခံရတဲ့လင်မယားနှစ်ယောက်ပြောတာတော့ သူလုပ်တာသေချာနေတယ်။ သူ့မျက်နှာကိုလည်း မှတ်မိနေတယ်” လို့ ဆိုပါတယ်။
တအာင်းပြည်ရဲတပ်ဖွဲ့ဘက်က ပြစ်မှုကျူးလွန်တဲ့သူကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ နမ့်ဖက်ကာကျေးရွာက လင်မယားနှစ်ဦးဟာ ၎င်းတို့ လယ်ယာကနေ ပြန်လာနေတဲ့အချိန်မှာ ဓားနဲ့ခုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဓားခုတ်ခံရတဲ့ လင်မယားနှစ်ဦးဟာ ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး ဆေးကုသစရိတ်လည်း အကူအညီလိုအပ်နေတယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။