မိုင်းရူပ၊ ဒီဇင်ဘာ ၁၁ ရက်၊ မိုးမိတ်
တရုတ်ရဲ့ ကြားဝင်မှုနဲ့ ရှမ်းမြောက် မိုးမိတ်မြို့ကို ပြန်ရခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မိုးမိတ်- တွင်းငယ်လမ်းပိုင်းကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ မိုးကုတ်ကနေ မိုးမိတ်ဘက်ကို စစ်အင်အားတွေဖြည့်တင်းနေပြီး မိုးမိတ်- သပိတ်ကျင်းတွင်းငယ်လမ်းပိုင်း ရွှေသဲကျေးရွာအထိ ရောက်ရှိနေလာတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
“မန်းကျည်းပင်ရွာအကျော်မှာ SSPP တွေရှိတယ်။ မနေ့စကစဘက်က ကွင်းလမ်းကနေ မန်းကျည်းပင်ကို ကျော်ပြီးတော့ ရွှေသဲဘက် ရောက်လာတယ်။ မနေ့ညပိုင်း သေနတ်သံတွေကြားရသေးတယ်” လို့ ဆိုပါတယ်။
ရွှေသဲကျေးရွာအကျော်မှာရှိတဲ့ ကျေးရွာတွေကို ကချင်တပ်မတော်- KIA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားပြီး စစ်ကောင်စီက မိုးမိတ်- တွင်းငယ်လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ မိုးမိတ်- မဘိမ်းလမ်းပိုင်းကို KIA က ထိန်းချုပ်ထားပြီး မိုးမိတ်- မန်တုံလမ်းကို တအာင်းတပ်မတော်- TNLA က ထိန်းချုပ်ထားကာ မိုးမိတ်- မိုးကုတ်လမ်းကို စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို မိုးကုတ်- မိုးမိတ်စစ်ဆင်ရေးဦးစီးအဖွဲ့ကို ဖွဲ့စည်းပြီး တိုက်ခိုက်နေတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။