လွေးဇွန်မိုး၊ ဒီဇင်ဘာ ၁၀ရက်၊ ကွတ်ခိုင်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) က အသက် ၅ နှစ်အောက် ကလေးတွေကို မနေ့ ဒီဇင်ဘာ ၉ ရက်ကနေ မနက်ဖန် ၁၁ ရက်နေ့အထိ ၃ ရက်တိတိ ကာကွယ်ဆေး ထိုးပေးသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ပြင်းထန် TBရောဂါ(BCG Vaccine)၊ OPV နဲ့ IPV Vaccine ပိုလီယိုအကြောသေရောဂါ၊ ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ၊ B ပိုးရောဂါ၊ ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါ)၊ ဝက်သက်ရောဂါ(MMR Vaccine)၊ ဂျိုက်သိုး ရောဂါ၊ ပါးချိတ်ရောင်ရောဂါ စတဲ့ကာကွယ်ဆေးတွေ ထိုးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
“အရင်တုန်းက တာမိုးညဲ၊ လားရှိုးနဲ့ သိန္နီမှာ သွားထိုးရတာလေ။ အခုမှပဲ ကွတ်ခိုင်မှာထိုးရတာ” လို့ ကွတ်ခိုင်မြို့နယ်ရှိ ကလေးမိခင်တစ်ဦးက ပြောပါတယ်။
ကာကွယ်ဆေးကို ကွတ်ခိုင်ပြည်သူ့ဆေးရုံမှာ သွားရောက်ထိုးနှံရမှာဖြစ်ပြီး မနေ့ နိုဝင်ဘာ ၉ ရက်မှာ ကလေးငယ် စုစုပေါင်း ၁၀၀ ဦးကျော် လာရောက်ထိုးနှံခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။
ကာကွယ်ဆေးကို လစဥ်ပုံမှန် ထိုးနှံပေးသွားမှာဖြစ်ပြီး ကလေးငယ်တွေ ပုံမှန်ဖွံ့ဖြိုးလာဖို့နဲ့ ဉာဏ်ရည်မြင့်မားလာဖို့အတွက် ကာကွယ်ဆေးထိုးဖို့ လိုအပ်တာကြောင့် ကလေးမိဘတွေအနေနဲ့ ကလေးတွေကို ကာကွယ် ဆေးလာရောက်ထိုးနှံပေးဖို့လည်း တိုက်တွန်းထားပါတယ်။
အလားတူ နမ့်ဆန်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်မှာလည်း ၅ နှစ်အောက် ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးနေပြီး ကာကွယ်ဆေးမထိုးရသေးတဲ့ မြို့နယ်တွေမှာလည်း ထိုးနှံနိုင်အောင်ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။