လွေးထွေး၊ ဒီဇင်ဘာ ၉ ရက်၊ ဟိုပုံး
ရှမ်းတောင် ဟိုပုံးမြို့မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်အနီး ကားဟွန်းတီးလို့ ဆိုတဲ့စွပ်စွဲချက်နဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဝိုင်းရိုက်လို့ သေဆုံးသွားခဲ့ကြောင်း ဟိုပုံးမြို့ခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က ဟိုပုံးမြို့ စစ်ကောင်စီတပ်ရဲ့ ကွန်ပျူတာနဲ့ နည်းပညာကျောင်းရှေ့က စစ်ဆေးရေးဂိတ်မှာ ကားဟွန်းတီးလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ကားသမားအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဝိုင်းရိုက်ခဲ့လို့ ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ခဲ့ရတာ ဖြစ်ပါတယ်။
“ကားသမားပါဆို ကိုယ့်လမ်းအရှေ့မှာ ကားမလွတ်နိုင်ရင်၊ ရှုတ်နေတာရှိရင် ဘယ်နေရာဖြစ်ဖြစ် တီးမှာဘဲလေ။ အဲတာကို ဟိုကောင်တွေက တီးရကောင်းလားဆိုပြီး ရိုက်တာ” လို့ ပြောပါတယ်။
ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ဒီဇင်ဘာ ၃ ရက်မှာ သေဆုံးသွားခဲ့ပေမဲ့ သက်ဆိုင်ရာက လာရောက်ကြည့်ရှုတာ၊ တာဝန်ယူတာ မရှိခဲ့ဘူးလို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။
၎င်းသေဆုံးသူအမျိုးသားဟာ ဟိုပုံးမြို့ မြို့ဦးရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် ခွန်မောင်းထိမ်ဖြစ်ပါတယ်။
အလားတူ အဲနေရာမှာ စစ်ကောင်စီတပ်တွေက ဖြတ်သန်းသွားလာတဲ့ မြို့ခံတွေအပြင် ခရီးသွားလူထုတွေကိုလည်း မကြာခဏ စစ်ဆေးတာတွေ လုပ်ဆောင်နေကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။