လွေးထွေး၊ ဒီဇင်ဘာ ၉ ရက်၊ ကွတ်ခိုင်
ကွတ်ခိုင်မြို့နယ်ရှိ လွယ်မှုန်ဆာ စစ်ရှောင်စခန်းမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ဟာ တရုတ်ပြည် ရွှေလီဘက်အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားရာကနေ လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ၎င်းအမျိုးသမီးဟာ နေအိမ်ကနေ ထွက်သွားပြီး ရွှေလီမြို့ဘက် အလုပ်သွားလုပ်ခဲ့ချိန်ကတည်းက မိသားစုတွေနဲ့ မဆက်သွယ်လာသလို မိသားစုဝင်တွေဘက်ကလည်း ဆက်သွယ်လို့မရတော့ဘဲ ဖြစ်နေခဲ့ပါတယ်။
အဲပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်ရဲ့ ညီမဖြစ်သူက “သူတက်သွားခါစ မူဆယ်မှာရှိတဲ့အချိန် ပြောလို့ရသေးတယ်။ အခုက တရုတ်ပြည်ဘက်သွားတော့ သူ့သူငယ်ချင်းကိုမေးကြည့်လည်း မရဘူးတဲ့။ ဘယ်လိုစုံစမ်းရမလဲမသိဘူး” လို့ ပြောပါတယ်။
၎င်းအမျိုးသမီးဟာ အသက် ၁၅ နှစ်အရွယ် လွေးအီခင်ဖြစ်ပြီး မိသားစုဝင်တွေက လူကုန်ကူးခံရမှာကို စိုးရိမ်တာကြောင့် တွေ့ရှိပါက 09697896445 ကို ဖုန်းဆက် အကြောင်းကြားပေးဖို့ တောင်းဆိုထားပါတယ်။
လက်ရှိကာလမှာ အလုပ်အကိုင် ရှားပါးနေတာကြောင့် မိသားစု စားဝတ်နေရေးအတွက် ပြည်ပကိုအလုပ်ထွက်လုပ်ရင်း ပွဲစားနဲ့တိုးပြီး လူကုန်ကူးခံနေရတဲ့ဖြစ်စဉ်လည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ ကွတ်ခိုင်နေအမျိုးသမီးက ဆိုပါတယ်။
အလားတူဖြစ်စဉ်မျိုး ရှမ်းမြောက်မှာ မကြာခဏဖြစ်ပွားနေပြီး တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နဲ့ တရုတ်ပြည်၊ ဝ ဒေသဘက်မှာလည်း ဆယ်ကျော်သက် အမျိုးသမီးတွေလူကုန်ကူးခံနေရတဲ့ဖြစ်စဉ် မကြာခဏဖြစ်ပွါးလျက် ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။