ရဲမာန်၊ ဒီဇင်ဘာ ၈ ရက်၊ ဂွ
ရခိုင်ပြည်နယ် ဂွမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၅၆၃) လက်အောက်ခံတပ်ရင်းက ဒုတပ်ကြီး ၁ ဦးအပါအဝင် ၄ ဦးအလင်းဝင်ရောက်လာတယ်လို့ People’s Revolution Alliance က မနေ့ ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အမ်း-ပဒန်လမ်းပိုင်း ဇင်ပြန်ကျေးရွာအနီးတွင် တာဝန်ကျနေတဲ့ အဆိုပါ ၄ ဦးဟာ မိမိတို့တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“သူတို့က ရှေ့တန်းစစ်မျက်နှာပြင်ကနေမှ ကျနော်တို့ဆီ ချိတ်ဆက်ပြီး ဝင်ရောက်လာတာဖြစ်တယ်။ လူငယ်တွေအနေနဲ့ ပေါ်တာဆွဲခံရပြီး ရှေ့တန်းရောက်နေတယ်ဆိုရင်လည်း နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာစေချင်တယ်လို့” လို့ People’s Revolution Alliance က တာဝန်ရှိသူတစ်ဦးက ရွှေဖီဆမြကို ပြောပါတယ်။
အလင်းဝင်ရောက်လာတဲ့ ၄ ဦးထံမှ MA- 1 (၁)လက်၊ MA-2 (၁)လက်၊ MA-3 (၂)လက်နဲ့ အခြားစစ်သုံးလက်နက်တချို့ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ နတ်ရေကန်တောင်နဲ့ အမ်း-ပဒန်းလမ်းပိုင်းတိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ ၃ ဦးထဲက ၂ ဦးဟာ ခလရ ၂၉၅ ကတပ်ဖွဲ့ဝင်တွေဖြစ်ပြီး အခြားတစ်ဦးကတော့ တပ်မ ၆၆ လင်အောက်ခံ သာယာဝတီအခြေစိုက် ခလရ ၃၅ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
People’s Revolution Alliance အနေနဲ့ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခင်းအကျင်း၊ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေကို စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်နေသလို တော်လှန်ရေး၏ တောင်းဆိုမှုနဲ့အညီ စစ်အာဏာရှင်စနစ် ပြုတ် ကျရေးတွက် တပ်ပေါင်းစုတည်ဆောက်ရေး၊ ဒေသန္တရအစိုးရ၊ ဖက်ဒရယ်ယူနစ်နဲ့အတူ ပူးပေါင်းပြီး နွေဦးတော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။