မိုင်းရူပ၊ ဒီဇင်ဘာ ၅ ရက်၊ မိုးကုတ်
စစ်ကောင်စီတပ်ဟာ မိုးကုတ်-မိုးမိတ်လမ်းကို ထိန်းချုပ်ခွင့် ရပြီးနောက် မိုးကုတ်-မိုးမိတ်လမ်း ၅ မိုင်ဂိတ်မှာ လီဆူလူမျိုးကို စစ်ဆေးမှု တင်းကြပ်နေပြီး ဖမ်းဆီးခံရသူ ၄ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်လမ်းပိုင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးနောက် လူထုတွေကို ဖြတ်သန်းသွားလာခွင့် ပြုနေပြီး မိုးကုတ်မြို့အထွက် ၅ မိုင်ဂိတ်မှာ လီဆူလူမျိုးကို စစ်တပ်က စစ်ဆေးမှုတင်းကြပ်နေတယ်လို့ မိုးကုတ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ပေးတော့ ပေးသွားတယ်။ အစစ်အဆေး များတယ်။ တချို့ဆို အဖမ်းခံရတယ်။ တချို့ဆို ဖုန်းပါ အစစ်ခံရတယ်။ လီဆူဆိုရင် အရမ်းစစ်တယ်။ မိုးကုတ်ကို TNLA ထိန်းချုပ်တုန်းက လီဆူတွေကို စစ်သင်တန်းပေးတဲ့သတင်းလည်း ထွက်ထားတယ်ဆိုတော့လေ”
မိုးကုတ်မြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးနောက် မြို့ခံတွေ နေရပ်ပြန်လာတာ မရှိသေးဘဲ မိုးကုတ်မြို့ပြင်မှာတော့ စစ်တပ်နဲ့တော်လှန်ရေးတပ်အကြား စစ်ရေးတင်းမာမှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက် ညသန်းခေါင်ယံမှာ မိုးကုတ်မြို့နယ် ထင်းရှူးတောင်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။