ရဲမာန်၊ ဒီဇင်ဘာ ၅ ရက်၊ ဘုတလင်
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ပထမအပတ်မှာ လေကြောင်းကနေ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နဲ့ ၄ ရက်မှာ ဂျိုင်ရိုကော်ပတာ ၂ စီး၊ ပါရာမော်တာ ၂ စီးနဲ့ ဂျက်ဖိုက်တာတစ်စီး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ဦးနဲ့ တော်လှန်ရေးရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Budalin Defense Force မှ ရဲဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လေကြောင်းကနေ ပြည်သူတွေကို အကြိမ်ကြိမ် ခြောက်လှန့်ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)က ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာလာရင် ပုန်းခိုသင့်တယ်”
မနေ့ ဒီဇင်ဘာ ၄ ရက် မနက် ၁ နာရီဝန်းကျင်မှာ စစ်တပ်က ဆင်ကျုံးရွာ ဘုန်ကြီးကျောင်းအနီး တံတားဦးတက် ဂျက်ဖိုက်တာတစ်စီး၊ မုံရွာ နမခတက် ပါရာမိုတာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
အလားတူ မနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်တပ်က ကံယာရွာကို ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ ၁၂ နှစ်အရွယ် ကလေးတစ်ဦး၊ ၅ လသားအရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း စစ်တပ်က ကံသာရွာအနီးကို မုံရွာ နမခတက် ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲချတိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။