စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကျင်းပရန် အချိန်သုံးပတ်သာ လိုတော့ပေမဲ့ ရှမ်းမြောက်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ဒေသခံအများစု မသိကြပေ။
ထိုသို့သော အခြေအနေ ဖြစ်လာရခြင်းမှာ စစ်အာဏာသိမ်းပြီးနောက် ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁ဝ၂၇ စစ်ဆင်ရေး၏ ဂယက်ဟုလည်း သတ်မှတ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် ၁ဝ၂၇ စစ်ဆင်ရေးအတွင်း လူထုများ၏ နေအိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ အရပ်သားများ သေဆုံးဒဏ်ရာရခြင်း၊ အခြေခံ စားသောက်ကုန်နှင့် ဆေးဝါး ဈေးနှုန်းအပြင် သယ်ယူပို့ဆောင်ရေးစရိတ် ၅ ဆကျော် မြှင့်တက်လာခြင်းသည် လူထုများအပေါ် သက်ရောက်မှု ကြီးခဲ့သည်။
ထို့အပြင် ၁ဝ၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာရာတွင် တော်လှန်ရေးတပ်ဖွဲ့များ ဖွင့်ထားသည့် ဂိတ်များကို ဖြတ်သန်းရာတွင် ဂိတ်တိုင်းအား ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ပေးနေရသောကြောင့် ဒေသခံလူထုများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။
ထိုသို့သော အခြေအနေများ ကြုံတွေ့နေရသော လူထုများသည် ရွေးကောက်ပွဲအပေါ် စိတ်မဝင်စားကြတော့ဘဲ နေ့စဉ် ဝမ်းစာရေးအတွက်သာ ခက်ခဲပင်ပန်းစွာ ရုန်းကန်ရှင်သန်နေရသည်ဟု စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့နေ အသက် ၄ဝ ကျော် ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောသည်။
“စိတ်ဝင်စားတာ ၁ဝ ရာခိုင်နှုန်းတော့ ရှိမယ်ထင်တယ်။ ကိုယ်ကအစဘဲ တခါတလေ ဆိုင်မှာထိုင်လို့ သူများပြောမှသာ သတိရတာ မဲဆိုလို့။ ကျန်တဲ့အချိန် ခေါင်းထဲမရှိ”
“သည်အချိန်မှာ စားဝတ်နေရေး စစ်ဘေးစစ်ဒဏ် လူးလိမ့်အောင် ခံထားရတယ်။ နောက်အချက်က မရိုးသား မမှန်ကန် မျှတမှု မရှိတဲ့ ရွေးကောက်ပွဲဆိုတာ သိကြတယ်လေဗျာ” ဟု ၎င်းက ဆက်ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် သေနတ်တစ်ချက် မဖောက်ရဘဲ လားရှိုးမြို့အား ကိုးကန့်တပ်မတော်- MNDAA လက်ထဲမှ ဧပြီလကုန်ပိုင်းတွင် ပြန်လည်ရရှိခဲ့သည့် စစ်ကောင်စီသည် လားရှိုးတက္ကသိုလ်အား နိုဝင်ဘာ ၂၄ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။
တက္ကသိုလ် တက်ရောက်မည့် ကျောင်းသူကျောင်းသားများအနေဖြင့် ကြိုတင်မဲ ပေးပြီးမှ ရရှိလာသည့် ကြိုတင်မဲ ပေးပြီးကြောင်းလက်မှတ် ပြနိုင်မှသာ တက္ကသိုလ် ဆက်လက် တက်ရောက်ခွင့် ရရှိကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် တစ်နည်းအားဖြင့် မဲပေးရန် ဖိအား ပေးခြင်းပင်ဖြစ်သည်။
ဆက်လက်ပြီး ၎င်းရှမ်းတိုင်းရင်းသားက “၂ဝ၂ဝ ရွေးကောက်ပွဲတုန်းကဆို တစ်လအလိုမှာ မဲဆွယ်စည်းရုံးရေး ဆင်းတယ်။ ပါတီပိုစတာ စတစ်ကာ ကြော်ငြာ စာတမ်းတွေနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် စည်းရုံးနေပြီလေ ဒီအချိန်ဆိုရင်။ တခြားပါတီလည်း တက်တက်ကြွကြွနဲ့ သွားကြတယ်။ အခုကျ အဲလို မရှိဘူး။ ကျနော့်အမြင်ကတော့ ဘယ်လိုဘဲလုပ်လုပ် ငါတို့နိုင်မှာဘဲဆိုတဲ့ပုံစံနဲ့လား သို့မဟုတ် အသက်အန္တရာယ်ကြောင့် မသွားရဲသလားတော့ ကိုယ်လည်း မသိဘူးပေါ့” ဟု ပြောသည်။
၂ဝ၂ဝ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် လားရှိုးမြို့ထဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်- NLD၊ ကျားဖြူ- SNDP၊ ကျားခေါင်း-SNLD၊ တအာင်း- TNP၊ ကြံ့ခိုင်ရေးပါတီ- USDP ပါတီများသည် မဲဆွယ်စည်းရုံးရေးအား နေ့စဉ် အပြိုင်အဆိုင် လုပ်ဆောင်ခဲ့ခြင်းနှင့် လက်ရှိ လားရှိုးမြို့၏ ရွေးကောက်ပွဲအား ၎င်းက နှိုင်းယှဉ်ပြသည်။
“အခုက လက်ဖက်ရည်ဆိုင်ထိုင် တစ်ယောက်ယောက်ပြောမှ လိုင်းပေါ် ပွတ်မှ မဲပေးဖို့ကို သွားသတိရတယ်။ ကိုယ်တွေလိုလူတောင်မှ စိတ်မဝင်စားဘူးဆိုတော့ တခြားပြည်သူဆို ပြောမနေနဲ့တော့လေ”
လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ်ပေါင်း ၁ဝ၂ မြို့နယ်၌ ပြုလုပ်မည်ဖြစ်ပြီး ရှမ်းမြောက်အနေဖြင့် နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့နယ်တို့ ပါဝင်သည်။
လားရှိုးမြို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီထဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ- USDP၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ- SNDP နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ- PPP တို့ ပါဝင်သည်။
လားရှိုးမြို့တွင် ရွေးကောက်ပွဲ အပိုင်း ၁ အတွက် မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်တွင် ကြေညာခဲ့သော်လည်း လူထုအများစုက စိတ်မဝင်စားကြပေ။
မဲစာရင်း လာမကြည့်သူများကို ရဲစခန်းအထိခေါ်ကာ ပါးရိုက်ပြီး ကျပ် ၅ သောင်းမှ ၂ သိန်းအထိ ဒဏ်ငွေ ပေးဆောင်ခိုင်းခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနှင့် နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ အောက်တိုဘာ ၁ ရက်တွင် ပြောဆိုခဲ့ဖူးသည်။
မဲစာရင်းကို ရပ်ကွက်အတွင်းရှိ အိမ်တိုင်း လာကြည့်ဖို့ ရာအိမ်မှူးမှတဆင့် ပြောခိုင်းပြီး လာမကြည့်သူများကို ရဲစခန်းက အိမ်အထိ လာရောက် ခေါ်ဆောင်ခဲ့သည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။
“မဲစာရင်းတွေကို မကြည့်မနေရ ဆိုတဲ့ပုံစံပါ။ သူက သွားကြည့်ဖို့မအားတာကြောင့် မကြည့်ဖြစ်တာလေ။ အဲတာ ရာအိမ်မှူးက ရဲစခန်းထိ သွားတိုင်လို့ ရဲစခန်းက လာခေါ်တာ။ သူတစ်ယောက်ထဲပဲ ဒဏ်ငွေဆောင်ရတာ မဟုတ်ဘူး။ တခြားသူတွေလည်း ဆောင်ရတယ်။ သူကျ မအားလို့ မကြည့်ဖြစ်ဘူးပြောလိုက်လို့ ရဲမှူးက သူ့ကို ပါးနှစ်ချက် ရိုက်တာတာလေ။ လူထုတွေကို အတင်းအကြပ်လုပ်ခိုင်းတာကျ အဆင်မပြေဘူး”
မဲစာရင်းများကို မပျက်မကွက် လာကြည့်ကြရန် လော်စပီကာဖြင့် စစ်တပ်က စက်တင်ဘာ ၂၉ ရက်တွင်လည်း လိုက်လံ သတိပေးခဲ့ဖူးသည်။
ရွေးကောက်ပွဲ အပိုင်း ၂ တွင် ကျင်းပရန် ထည့်သွင်းထားသည့် မြို့နယ်များထဲတွင် ရှမ်းမြောက် တန့်ယန်းမြို့နယ်လည်း ပါဝင်သည်။ သို့သော် တန့်ယန်းမြို့တွင် နေထိုင်သည့် လူထုအများစုသည်လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိကြောင်း တန့်ယန်းမြို့တွင် နေထိုင်သည့် အသက် ၃ဝ ကျော် အမျိုးသမီးက ပြောသည်။
“လူထုတွေ စိတ်မဝင်စားကြဘူး။ မဲစာရင်းလည်း ဘယ်သူမှ သွားမကြည့်ကြဘူး။ ရပ်ကွက်ရုံးတွေမှာတော့ ထုံးစံအတိုင်း မဲစာရင်းတွေ ကပ်ထားကြတာပဲ။ တက္ကသိုလ် သွားတက်မယ့် ကလေးတွေကတော့ ကြိုတင်မဲ မဖြစ်မနေ သွားပေးရတာတော့ ရှိတယ်”
၂ဝ၁၅၊ ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲကာလတွင် ဒေသတွင်းရှိ လူထုများသည် အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ခေါ် ကျားခေါင်းပါတီ- SNLD ပါတီကိုသာ အများဆုံး မဲပေးခဲ့ကြသည်။
သို့သော် လက်ရှိတွင် ကျားခေါင်းပါတီ မယှဉ်ပြိုင်ခြင်းသည်လည်း စိတ်ဝင်စားသူ နည်းသွားစေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း ၎င်းအမျိုးသမီးက မှတ်ချက်ပြုသည်။
“ပထမက ကျားခေါင်း မပါတာရယ် ဒုတိယက စားဝတ်နေရေးကိုပဲ အဆင်ပြေအောင် ရုန်းကန်နေရတာရယ် နောက်ဆုံးတစ်ချက်က အာဏာသိမ်းအဖွဲ့ကို မယုံကြည်တော့တာရယ် ဒါတွေကြောင့် ဖြစ်ဖို့များတယ်”
ရွေးကောက်ပွဲ အပိုင်း ၂ အား လာမည့် ၂ဝ၂၆ ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ်ပေါင်း ၁ဝဝ တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်- UEC က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အပိုင်း ၂ တွင် ရှမ်းမြောက်အနေဖြင့် တန့်ယန်းမြို့နယ်အပြင် ရှမ်းမြောက်-ရှမ်းတောင်နယ်စပ်မြို့ဖြစ်သည့် မိုင်းရယ်မြို့နယ်လည်း ပါဝင်သည်။
တအာင်းတပ် ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးကလည်း စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲသာဖြစ်ကြောင်း ပြောဆိုသည်။
“သူတို့(စစ်ကောင်စီ) ပြန်လည် ထိုးစစ်ဆင်ပြီး ရရှိခဲ့တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး အဲဒီက သူတို့(စကစ)ကို ထောက်ခံတဲ့ ပြည်သူဆိုတာ သပ်သပ် ရှိသေးတာပေါ့နော်။ အဲဒီထောက်ခံတဲ့ ပြည်သူအနေနဲ့ ဒီရွေးကောက်ပွဲကို တက်ကြွမှု ရှိကောင်း ရှိနိုင်တာပေါ့။ အရင်ကတည်း သူတို့က စစ်ကောင်စီကိုဘဲ ထောက်ခံတာလေ”
ဆက်လက်ပြီး ၎င်းက “စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တစ်နေရာစီ ရောက်နေတဲ့ ကြက်ကလေးတွေကို ခြံထဲ စုပြုံသွင်းပြီး အဲလိုအကွက်မျိုးပေါ့။ သူတို့ ထိန်းချုပ်နိုင်ပြီဆိုတဲ့နေရာက လူထုက သူတို့ မဲဘဲလေ။ သူတို့ နိုင်အောင် သေချာပြင်ဆင်ထားပြီးသားလေ။ အတုအယောင်ဆိုတဲ့အတိုင်းဘဲ အတုအယောင်ဘဲ လုပ်သွားမှာ” ဟု ပြောသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် တအာင်းအမျိုးသမီးတစ်ဦးကတော့ “ရွေးကောက်ပွဲဆိုတာကြီးကို စိတ်ကိုမဝင်စားတာ။ အခုက ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတာလေ။ အရင်က ရွေးကောက်ပွဲတုန်းကလို ဘယ်သူကမှ စိတ်ဝင်တစား မရှိသလိုဘဲ” ဟု ဆိုသည်။
စစ်ကောင်စီတပ် ပြန်ထိန်းခဲ့သည့် သီပေါနှင့် ကျောက်မဲမြို့တွင်လည်း USDP နှင့် SNDP ပါတီ ၂ ခုသာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်နေရာအတွက် ပြိုင်ဘက် မရှိသောကြောင့် USDP ပါတီက ကြိုတင်အနိုင်ရနေသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်ထဲ SNDP၊ USDP၊ အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်- NLD၊ တအာင်းအမျိုးသားပါတီ- TNP နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်- SNLD ပါတီများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
သီပေါနှင့် ကျောက်မဲမြို့နယ်ကို ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပမည့် မြို့နယ်ထဲ ထည့်သွင်းထားခြင်း မတွေ့ရဘဲ ရွေးကောက်ပွဲ တတိယအပိုင်းတွင် ထည့်သွင်းကျင်းပမည့်အခြေအနေ ဖြစ်သည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကုလသမဂ္ဂက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားပြီး တော်လှန်ရေး အင်အားစုများကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် တိုက်တွန်းထားကြသည်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။