ရဲမာန်၊ ဒီဇင်ဘာ ၃ ရက်၊ ချောင်းဦး
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ချောင်းမနားရွာကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ Monywa Revolution – MR မှ တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ နေ့လယ် ၃ နာရီဝန်းကျင်မှာ ဗုံး ၂ လုံးကြဲချတိုက်ခိုက်တာကြောင့် နောက်ထပ် အရပ်သား ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
“မုံရွာနယ်တောင်ခြမ်း ချောင်းဆုံရွာနဲ့ ချောင်းဦးနယ် အနောက်ခြမ်း ချောင်းမနားကို လေကြောင်းတိုက်ခိုက်တာပါ။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေတာပါ”
အလားတူ နိုဝင်ဘာ ၃၀ ရက် ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ချောင်းဦးမြို့နယ် ကျီးကုန်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ကျီးကုန်းရွာက အသက် ၄၃ နှစ်အရွယ်ရှိ ကိုမင်းနိုင်ကို သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က မုံရွာနယ် တောင်ခြမ်းနဲ့ ချောင်းဦးနယ်တို့ကို စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတို့နဲ့ ဗုံးကြဲမှုတွေ ပြုလုပ်တာအပြင် လက်နက်ကြီးတွေပါ ပစ်ခတ်မှုတွေရှိတာကြောင့် အရပ်သားသေဆုံးမှုနဲ့ ဒဏ်ရာရသူတွေ ရှိနေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။